Burmese translation of "Draft and Explanation of the Programme for the Social Democratic Party" by V.I. Lenin.

[Source]

အလုပ်သမားလူတန်းစားရဲ့ တပ်ဦးပါတီတည်ဆောက်ရေးမှာ ပါတီလုပ်ငန်းစဉ် (Party Programme) တခုရှိဖို့ အင်မတန် အရေးကြီးတယ်။ ဒီတင်ပြချက်ကို ငြင်းလိုသူတွေက မာ့(ခ်စ်)ရေးခဲ့တဲ့ ဂိုထာလုပ်ငန်းစဉ်ဝေဖန်ချက်ပါ စကားတခုကို အကိုးအကားပြုပြီး ဆန့်ကျင်လေ့ရှိတယ်။ "လက်တွေ့လှုပ်ရှားမှုရဲ့ ခြေလှမ်းတိုင်းဟာ ဒါဇင်နဲ့ချီ ရေးဆွဲထားတဲ့ လုပ်ငန်းစဉ်တွေထက် ပိုအရေးကြီးတယ်" လို့ ဂိုထာ လုပ်ငန်းစဉ် ဝေဖန်ချက်မှာ မာ့(ခ်စ်) ရေးခဲ့တယ်။ ပါတီလုပ်ငန်းစဉ်တခုရဲ့ အရေးပါမှုကို လက်မခံလိုသူတွေက ဒီစာကြောင်းကို တရားသေ ပြန်ရွတ်ပြ တတ်တယ်။ တပ်ဦးပါတီတခု "ကျစ်လစ်ခိုင်မာဖို့" နဲ့ "ပါတီတရပ်လုံးရဲ့ လုပ်ဆောင်မှုတွေ ဗရမ်းဗတာ မဖြစ်စေပဲ ရှေ့နောက် ညီညွတ်မှုရှိနေဖို့" ပါတီလုပ်ငန်းစဉ်တခု မရှိမဖြစ်လိုအပ်တာကို မာ့(ခ်စ်)လည်း မငြင်းပယ်ခဲ့သလို ဆိုရှယ်ဒီမိုကရက်တစ်လှုပ်ရှားမှုတွေမှာ လက်တွေ့ပါဝင်ခဲ့တဲ့ အလုပ်သမားတွေကလည်း မငြင်းပယ်ပါဘူး။ တပ်ဦးပါတီတခုဟာ စက်ရုံတခုချင်းစီအလိုက် ဒေသတခုချင်း စီအလိုက် သီးခြားလှုံ့ဆော်စည်းရုံးမှုလောက် လုပ် ရမှာမဟုတ်ပဲ တခွင်လုံးပြဿနာကို ဖြေရှင်းဖို့ ပြန့်ကျဲနေတဲ့ အင်အားအသီးသီးကို ကျစ် လစ်ခိုင်မာလာအောင် စု စည်းဦးဆောင်တဲ့ အလုပ်ကိုပါ လုပ်ရမှာဖြစ်တယ်။ ဒီအလုပ်ကို ပြီးမြောက်အောင် လုပ်ဆောင်နိုင်ဖို့ ပါတီလုပ်ငန်း စဉ်တခု မရှိပဲ မဖြစ်နိုင်ပါ။ ပါတီလုပ်ငန်းစဉ်မှာ တပ်ဦးပါတီရဲ့ အခြေခံသဘောတရားတွေကို ရှင်းလင်းတင်ပြ ထားရမယ်။ ငါတို့ရဲ့ လတ်တလော နိုင်ငံရေးလုပ်ငန်းတွေကို တိတိကျကျ ဖော်ပြထားရမယ်။ လှုံ့ဆော် စည်းရုံး ရေး နယ်နိမိတ်ကို ညွှန်ပြနိုင်တဲ့ လတ်တလောတောင်းဆိုချက်တွေကိုလည်း ထည့်သွင်းထားရတယ်။ ဒီအပေါ် ကို အခြေခံပြီး လှုံ့ဆော်စည်းရုံးရေးလုပ်ရာမှာ ညီညွတ်မှုကို အခိုင်အမာတည်ဆောက် နိုင်တယ်။ (မဟုတ်ရင် ကိုယ်ထင်ရာ ကြွေးကြော်စည်းရုံးပြီး ဗရမ်းဗတာ ဖြစ်နေမယ်။) ဒေသတိုက်ပွဲအလိုက် သီးခြား တောင်းဆိုမှု တွေကနေ ဆိုရှယ်ဒီမိုကရက်တစ် လှုပ်ရှားမှုတခုလုံးရဲ့ တောင်းဆိုမှုတွေကို ညွှန်ပြထားနိုင်တဲ့အတွက် လှုံ့ဆော် စည်းရုံးမှုလုပ်ငန်းဟာ ပိုမိုကျယ် ပြန့်နက်ရှိုင်းလာမယ်။ ဒါ့အပြင် ပါတီလုပ်ငန်းစဉ်ကို အခြေခံပြီး လူတန်းစား အသိနိုးကြားနေတဲ့ အလုပ်သမားတွေ၊ ဆိုရှယ်လစ်စနစ် လိုလားသူပညာတတ်တွေ အပါအဝင် ဆိုရှယ်ဒီမိုက ရက်တစ် လှုပ်ရှားမှုအတွင်းက ရဲဘော်တွေအချင်းချင်းကြား ချိတ်ဆက်မှုတွေ ခိုင်မာအားကောင်းလာအောင် လုပ်ဖို့ အင်မတန်အရေးကြီးတယ်။ ဆိုရှယ်ဒီမိုကရက်တွေရဲ့ လုပ်ငန်းတာဝန်တွေ၊ တိုက်ပွဲနည်းလမ်းတွေနဲ့ ပတ် သက်လို့ အမြင်မှားနေတာတွေ ရှိတဲ့အတွက်လည်း ပါတီလုပ်ငန်းစဉ်တခုရှိဖို့ အရေးတကြီး လိုအပ်နေတယ်။ [A Draft Programme of Our Party by V.I. Lenin, LCW- vol.4]

၁၈၉၅ ခုနှစ် ဒီဇင်ဘာလ၊ ထောင်ကျနေချိန်မှာ ပါတီလုပ်ငန်းစဉ်မူကြမ်းတခုကို လီနင်ရေးသားခဲ့တယ်။ ဒီနောက် ၁၈၉၆မှာ ရှင်းလင်း ချက်ကိုလည်း ရေးသားခဲ့တယ်။ မာ့(ခ်စ်) လီနင်ဝါဒ လမ်းညွှန်မှုခံယူတဲ့ တပ်ဦးပါတီ တည်ဆောက်ရေးမှာ ဒီလုပ်ငန်းစဉ်မူကြမ်းနဲ့ ရှင်းလင်းချက်ကို စံထားလေ့လာကြရတယ်။ လီနင်တင်ပြခဲ့တဲ့ ပါတီ လုပ်ငန်းစဉ်မူကြမ်းမှာ အပိုင်း(၃)ပိုင်း ပါတယ်။ အပိုင်း(၁)မှာ အခြေခံသဘောတရားတွေကို ရှင်းလင်း တင်ပြ တယ်။ အပိုင်း(၂)မှာ တပ်ဦးပါတီရဲ့ ရည်မှန်းချက်တွေ ပါဝင်တယ်။ တနည်းဆိုရရင် တပ်ဦးပါတီရဲ့ လုပ်ငန်း တွေက ဘာတွေဖြစ်သင့်တယ် ဆိုတာကို လမ်းညွှန်ပြထားခြင်းပဲ။ အပိုင်း(၃)မှာ တပ်ဦးပါတီက လတ်တလော တောင်းဆိုတိုက်ပွဲဝင်ရမယ့် လက်တွေ့လုပ်ငန်းတွေ တောင်းဆိုချက်တွေကို တင်ပြထားတယ်။ တနည်းဆိုရင် အပိုင်း(၃)ဟာ တပ်ဦးပါတီရဲ့ အနိမ့်ဆုံးလုပ်ငန်းစဉ် ကို ဖော်ပြထားခြင်းဖြစ်တယ်။

လီနင်တင်ပြခဲ့တဲ့ လုပ်ငန်းစဉ်မူကြမ်းနဲ့ ရပ်ရှားဆိုရှယ်ဒီမိုကရက်တစ် လေဘာပါတီရဲ့ ဒုတိယကွန်ဂရက်မတိုင် ခင် "မီးပွှား" (Iskra) အယ်ဒီတာအဖွဲ့ တင်ပြခဲ့တဲ့ လုပ်ငန်းစဉ်မူကြမ်း ၂ခုကို လေ့လာရင်း လုပ်ငန်းစဉ်မူကြမ်း နမူနာတခုကို ဆွေးနွေးတင်ပြသွားပါမယ်။
အပိုင်း(က)

(၁)ဗမာ့လူ့အဖွဲ့အစည်းအတွင်း လွှမ်းခြုံထားတဲ့ ကုန်ထုတ်စနစ်ဟာ အရင်းရှင်ရောင်းကုန်ထုတ်စနစ်ဖြစ်တယ်။

(ဆွေးနွေးချက်)
တကမ္ဘာလုံးဟာ အရင်းရှင်နယ်ချဲ့စနစ်ရဲ့ လွှမ်းမိုးမှုအောက် ရောက်နေတယ်။ ဗမာ့လူ့အဖွဲ့အစည်းမှာလည်း အရင်းရှင်စနစ်ကို ကူးပြောင်းနေတယ်။ "ရောင်းကုန်" (commodity) ထုတ်လုပ်ခြင်းဟာ အဓိကလွှမ်းမိုးထားတဲ့ ကုန်ထုတ်စနစ်ဖြစ်တယ်။ အကြမ်းဖက်နိုင်ငံရေး အာဏာကို ချုပ်ကိုင်ထားနိုင်သူတွေက ကုန်ထုတ်အရင်းအနှီး ကိုပါ လက်ဝါးကြီးအုပ်ထားပြီး ဗျူရိုခရက် အရင်းရှင်စနစ်ကို ကျင့်သုံးနေတယ်။

(၂)အသေးစားကုန်ထုတ်လုပ်သူတွေ (တောင်သူလယ်သမား၊ လက်မှုလုပ်ငန်းရှင်တွေ စသဖြင့်) ကို (စစ်)ဗျူရို ကရက် အရင်းရှင်လူတန်းစားက အကြမ်းဖက်ဖျက်စီးပစ်ပြီး အရင်းအနှီးစုဆောင်းမိလာကြတယ်။ (မြေယာ၊ စက်ရုံ၊ စက်ယန္တယား၊ သယ်ယူပို့ဆောင်ရေး စတဲ့) ကုန်ထုတ်အရင်းအနှီးအားလုံးကို ပုဂ္ဂလိကပိုင်အဖြစ် မောင် ပိုင်စီး သိမ်းပိုက်ထားကြတယ်။ ဒီလိုနည်းနဲ့ အသေးစား ကုန်ထုတ်လုပ်ငန်းတွေ နေရာမှာ အကြီးစားစက်မှု လုပ် ငန်းတွေ တစတစ အစားထိုးလာနေတယ်။ တစတစ ကုန်ထုတ်အရင်းအနှီးလက်မဲ့ဖြစ်သွားသူ အသေးစားကုန် ထုတ်လုပ်သူတွေဟာ လုပ်အားစွမ်းပကားကို ရောင်းစားရတဲ့ ပစ္စည်းမဲ့ အလုပ်သမားလူတန်းစားအဖြစ် ကူး ပြောင်းလျက်ရှိတယ်။

(ဆွေးနွေးချက်)
ကုန်ထုတ်အရင်းအနှီးလက်မဲ့ဖြစ်သွားတဲ့ အသေးစားကုန်ထုတ်လုပ်သူတွေဟာ ဘဝရှင်သန်တည်မြဲရေးအတွက် ကျေးလက်ကိုစွန့်ခွာပြီး မြို့တက်အလုပ်ရှာကြရတယ်။ စက်မှုလုပ်ငန်းရယ်လို့ မယ်မယ်ရရ မထွန်းကားသေးတဲ့ မြို့ပြမှာ သူတို့ရဲ့ လုပ်အားစွမ်းပကားကို ဝယ်ယူ ခိုင်းစေမယ့်သူ မရှိတဲ့အခါ ပြည်ပထွက် ရောင်းချအသက် မွေးကြရတယ်။ ကုန်ထုတ်အရင်းအနှီးလက်မဲ့ဖြစ်ပြီး ကျေးလက်နဲ့ မြေယာကုန်ထုတ်လုပ်ငန်းကို အပြီးတိုင်စွန့်ခွာ သွားရသူတွေဟာ မြို့ပြနဲ့ စက်ရုံတွေမှာ ပစ္စည်းမဲ့ အလုပ်သမားလူတန်းစားအနေနဲ့ သွားစုမိကြတယ်။ တချိန်က ကိုယ်ပိုင် ကုန်ထုတ်အရင်းအနှီးအနည်းငယ်နဲ့ အသေးစားကုန်ထုတ်လုပ်ခဲ့သူတွေဟာ လုပ်အားစွမ်းပကား ရောင်းချအသက်မွေး ရတဲ့ လုပ်ခစား အလုပ်သမားလူတန်းစားဖြစ်လာတယ်။

(၃)အရင်းရှင်စနစ်မှာ နည်းပညာတွေ တိုးတက်လာခြင်း၊ စက်ယန္တယားကြီးတွေကို ကုန်ထုတ်လုပ်ငန်းမှာ အင် တိုက်အားတိုက် အသုံးပြုလာခြင်းကြောင့် လူ့အဖွဲ့အစည်းရဲ့ ကုန်ထုတ်သတ္တိ တိုးတက်လာတယ်။ ဒီလို ကုန် ထုတ်သတ္တိ တိုးတက်လာခြင်းဟာ ကုန်ထုတ် အရင်းအနှီးကို ပုဂ္ဂလိကပိုင်အဖြစ် ချုပ်ကိုင်ထားသူ လက်တ ဆုပ်စာ လူတန်းစားကိုသာ ချမ်းသာသထက် ချမ်းသာကြွယ်ဝလာစေတယ်။ ကုန်ထုတ်သတ္တိ တိုးတက်လာတာ နဲ့အမျှ လူသားလုပ်အားလိုအပ်ချက် နည်းပါးလာတယ်။ ကလေးနဲ့ အမျိုးသမီးတွေရဲ့ လုပ်အားစွမ်းပကားကို ဈေးချိုချိုနဲ့ ဝယ်ခိုင်းတာမျိုးအထိ လုပ်လာတယ်။ လူသားဟာ စက်ယန္တယားရဲ့ ဘေးအတက်အလက်အဖြစ်သာ လိုအပ်တော့တဲ့ အခြေ ဆိုက်လာတယ်။

(ဆွေးနွေးချက်)
အကြမ်းဖက်နိုင်ငံရေးအာဏာကို အမှီပြုပြီး စီးပွားရေးဘဝကို လည်မြိုညှစ်သွေးစုပ်နေတဲ့ (စစ်)ဗျူရိုကရက် အရင်းရှင်လူတန်းစားဟာ ဗမာ့လူ့အဖွဲ့အစည်းရဲ့ ကုန်ထုတ်စွမ်းအားစုဖွံ့ဖြိုးမှုကို ဟန့်တားပိတ်ပင်ထားတယ်။ ဒါ့ ကြောင့် (စစ်)ဗျူရိုကရက် အရင်းရှင်လူတန်းစားဟာ စက်ယန္တယားကြီးတွေ အသုံးချပြီး အမှီအခိုကင်းကင်းနဲ့ ရပ်တည်နိုင်စွမ်း မရှိဘူး။ နယ်ချဲ့အရင်းကို မှီခိုနေရတယ်။ ကုန်ကြမ်းထုတ်ရောင်းစားရာမှာတောင် နယ်ချဲ့ကို မှီ ခိုပြီးမှ လုပ်နိုင်တယ်။ လက်ပံတောင်းတောင်ကြေးနီစီမံကိန်း၊ မြစ်ဆုံစီမံကိန်း၊ ကျောက်ဖြူရေနံပိုက်လိုင်း စီမံ ကိန်းတွေဟာ အထင်အရှားပဲ။ ဒါ့အပြင် နယ်ချဲ့သမားတင်သွင်းလာတဲ့ ဘဏ္ဍာအရင်းကို မှီခိုနေရသေးတယ်။ ကမ္ဘာ့ဘဏ် IMF တို့ဆီကနေ အတိုးနဲ့ငွေချေးနေရတာ ထင်ရှားတဲ့အချက်ပဲ။ ဒီလိုအခြေအနေမှာ ဗမာ့လူ့အဖွဲ့ အစည်းအတွင်းက အလုပ်သမားလူတန်းစားဟာ လက်ဝါးကြီးအုပ် အရင်းရှင်နယ်ချဲ့နဲ့ ပြည်တွင်းဖြစ် (စစ်)ဗျူရို ကရက် အရင်းရှင်လူတန်းစားဆီ ပေးသမျှဈေးနဲ့ လုပ်အားစွမ်းပကားကို ရောင်းချပြီး မသေရုံတမယ် အသက် ဆက်နေရတယ်။ (စစ်)ဗျူရိုကရက် အရင်းရှင်လူတန်းစားက အကြမ်းဖက် လုယက်လိုက်လို့ ကုန်ထုတ်အရင်း အနှီး လက်မဲ့ဖြစ်သွားရသူတွေဟာ လုပ်အားစွမ်းပကားကို ရောင်းချအသက်မွေးဖို့ စက်ရုံအလုပ်ရုံတွေရှိရာဆီ စုပြုံ ချီတက်လာတဲ့အခါ အလုပ်လက်မဲ့တပ်ကြီး ပိုကြီးထွားလာတယ်။ အငတ်တပ်ကြီး ပိုထွားလာလေ အရင်း ရှင် လူတန်းစားက လုပ်အားစွမ်းပကားကို ပိုဈေးနှိမ်လေ ဖြစ်လာရတယ်။ အရင်းရှင်စနစ်ဖွံ့ဖြိုးလာတာနဲ့အမျှ အ များစု အလုပ်သမားထုကြီး ပိုဘဝပျက်လေ ဖြစ်နေရတယ်။ (စစ်)ဗျူရိုကရက် အရင်းရှင်လူတန်းစားနဲ့ နယ် ချဲ့သမားတစုပဲ ချမ်းသာသထက် ချမ်းသာသွားတယ်။

(၄)ဒီဖြစ်စဉ်ကို ပိုဆိုးသထက်ဆိုးစေတာကတော့ "အရင်းရှင်စနစ် သန္ဓေပါပဋိပက္ခ" ကြောင့် မလွဲမသွေ ပေါ် ပေါက်လာရတဲ့ စီးပွားရေး အကြပ်အတည်းတွေပဲ။

(ဆွေးနွေးချက်)
အရင်းရှင်စနစ်မတိုင်ခင်က ကုန်ထုတ်အရင်းအနှီးတွေဟာ သီးခြားကုန်ထုတ်လုပ်သူတွေဆီမှာ ပြန့်ကျဲနေတယ်။ အရင်းရှင်စနစ်မှာကျ ပြန့်ကျဲနေတဲ့ ကုန်ထုတ်အရင်းအနှီးတွေကို လက်တဆုပ်စာ အရင်းရှင်လူတန်းစားလက်ထဲ စုစည်းပစ်လိုက်တယ်။ နဂိုက သီးခြားစီ ကုန်ထုတ်နေကြသူ အသေးစား လုပ်ငန်းရှင်လေးတွေဟာ ကုန်ထုတ် အရင်းအနှီး လက်မဲ့ဖြစ်သွားပြီး အရင်းရှင်တွေဆီမှာ လုပ်အားစွမ်းပကား လာရောင်းရတော့တယ်။ ဒီလိုနည်းနဲ့ ပြန့်ကျဲနေတဲ့ လုပ်အားတွေဟာ အရင်းရှင် လူတန်းစားလက်မှာ စုစည်းမိသွားတယ်။ လက်တဆုပ်စာ အရင်းရှင် တွေ စုစည်းမိထားတဲ့ ကုန်ထုတ်အရင်းအနှီးတွေကို စုစည်းမိလာတဲ့ လုပ်အားနဲ့ ပေါင်းစပ်လိုက်တဲ့အခါ အရင်က ထက် အဆပေါင်းများစွာ ကုန်ထုတ်သတ္တိ တိုးလာစေတယ်။ ဒါဟာ အရင်းရှင်စနစ်ကြောင့် ကုန်ထုတ်ဖြစ်စဉ်ကို socialise လုပ်နိုင်ခြင်း ဖြစ်တယ်။ ဒါပေမယ့် ကုန်ထုတ်အရင်းအနှီးနဲ့ ထွက်လာသမျှ ထုတ်ကုန်တွေကိုတော့ ဘာလုပ်အားမှ စိုက်ထုတ်မထားတဲ့ လက်တဆုပ်စာ အရင်းရှင်တွေက ပုဂ္ဂလိကပစ္စည်းအဖြစ် ထိန်းချုပ်ပိုင် ဆိုင်နေတယ်။ ဒါဟာ အရင်းရှင်စနစ်ရဲ့ အခြေခံပဋိပက္ခပဲ။ ဒီအခြေခံပဋိပက္ခကနေ လူမှုပဋိပက္ခတွေ မျိုးစုံထွက် ပေါ်လာတယ်။ အလုပ်မလုပ်သူ ကပ်ပါးတွေက ထားစရာမရှိအောင် ချမ်းသာသထက် ချမ်းသာလာပေမယ့် လုပ် အားစိုက်ထုတ်ပြီး ကုန်းရုန်းလုပ်နေရသူတွေက စားစရာတောင် အနိုင်နိုင်ဖြစ်နေတယ်။ အရင်းရှင်နယ်ချဲ့ကို မှီခို နေရတဲ့ (စစ်)ဗျူရိုကရက် အရင်းရှင်လူတန်းစားက ကုန်ထုတ်အရင်းအနှီးတွေကို အကြမ်းဖက်သိမ်းပိုက်ထားပြီး ဘာအလုပ်မှမလုပ်ပဲ ဗမာ့လူ့အဖွဲ့အစည်းရဲ့ စုပေါင်းလုပ်အားက ထွက်လာသမျှ အသီးအပွင့်တွေကို ပုဂ္ဂလိက ပစ္စည်းအဖြစ် သိမ်းပိုက်ထားလို့ ထားစရာမရှိအောင် ချမ်းသာပြီးရင် ချမ်းသာနေတယ်။ အလုပ်သမား၊ လယ်သ မားလူတန်းစား အဓိကပါဝင်တဲ့ အဖိနှိပ်ခံ လူထုတရပ်လုံးက ငတ်သထက် ငတ်လာတယ်။ နေစရာ ကျောတ ခင်းတောင် မရေရာတဲ့ ဘဝတွေ ဖြစ်နေရတယ်။

(၅)လုပ်အားကို အရင်းရဲ့ ဖိနှိပ်မှုက ပြင်းထန်သထက် ပြင်းထန်လာတာနဲ့အမျှ အရင်းရှင်စနစ်ကို ဖြိုဖျက်ပစ်နိုင် စွမ်းရှိတဲ့ အလုပ်သမား လူတန်းစားတရပ်ကို မွေးထုတ်ပေးနေတယ်။ အရင်းရှင်စနစ်ကို ဖြိုဖျက်ပစ်နိုင်စွမ်းရှိတဲ့ လူတန်းစားလို့ ဆိုရခြင်းဟာ ကုန်ထုတ်ဆက်ဆံရေးအတွင်း ရောက်ရှိနေတဲ့ အလုပ်သမားတွေရဲ့ ဘဝအခြေ အနေက သူတို့ကိုယ်ပိုင် အသေးစား ကုန်ထုတ်လုပ်ငန်းနဲ့ ချက်ကြိုးဖျက်ပစ်လိုက်လို့၊ စုပေါင်းကုန်ထုတ်လုပ် ခြင်းကနေ အလုပ်သမားတွေကို စုစည်းပေးလိုက်လို့၊ စက်ရုံတခုပြီးတခု ပြောင်းရွှေ့လုပ်ကိုင်နေရလို့ ဖြစ်တယ်။ ဒီလို စုစည်းမိသွားတဲ့ အလုပ်သမားတွေဟာ သပိတ်တိုက်ပွဲတွေဆင်နွှဲပြီး အရင်းရှင်လူတန်းစားကို တိုက်ပွဲ ဝင်နေကြပြီ။ အလုပ်သမားသမဂ္ဂတွေဖွဲ့ပြီး အင်အားစုနေကြပြီ။

(ဆွေးနွေးချက်)
အလုပ်သမားတယောက်ဟာ သူချည်းသာဆို လက်နက်ကိရိယာ အပြည့်တပ်ဆင်ထားတဲ့ အရင်းရှင်လူတန်းစား ကို ဘယ်မှာအံတုနိုင်ပါ့မလဲ။ သွေးစုပ်ခြယ်လှယ်မှုတွေ ပြင်းထန်သထက် ပြင်းထန်လာတဲ့အခါ အရင်းရှင်လူတန်း စားကို ဆန့်ကျင်အံတုနိုင်မယ့် နည်းလမ်းကို ရှာဖွေလာကြတယ်။ ဘုံအကျိုးစီးပွားတူသူ၊ ဘဝတူတွေချင်း သမဂ္ဂ အဖြစ် စုစည်းမိရင် အရင်းရှင်လူတန်းစားရဲ့ သွေးစုပ်ဖိနှိပ်မှုကို အံတုနိုင်ကြောင်း လက်တွေ့ဘဝအရ သိလာ ကြတယ်။ ဒီလို အလုပ်သမားတွေ စုစည်းမိလာစေဖို့ ပြင်ဆင်ပေးထားတဲ့ အခြေအနေတွေ ရှိတယ်။ (က) စက် ယန္တယားတွေ အသုံးချပြီး တနှစ်ပတ်လုံး ကုန်ထုတ်နေတဲ့ စက်ရုံကြီးတွေဟာ (လယ်ယာလုပ်ငန်းနဲ့ အသက် မွေးသူ ဘဝကလာတဲ့) အလုပ်သမားတွေကို လယ်ယာမြေနဲ့ ချက်ကြိုးဖြတ်ပစ်လိုက်တယ်။ ပစ္စည်းမဲ့ အလုပ် သမား လူတန်းစားစစ်စစ်တွေအဖြစ် ပြောင်းပစ်လိုက်တယ်။ တသီးတခြားစီ ကိုယ့်လယ်ယာမှာကိုယ် ထွန်ယက် လုပ်ကိုင်နေသူတွေဟာ စုစည်းမိဖို့ အင်မတန်ခဲယဉ်းပါတယ်။ မြေယာနဲ့ ချက်ကြိုးဖြတ်လိုက်တဲ့အခါ ဒီအဟန့် အတားကို ချေဖျက်ပြီးသား ဖြစ်သွားတယ်။ (ခ) စက်ရုံကြီးတွေမှာ အလုပ်သမားတွေ အများကြီး စုပေါင်း အလုပ် လုပ်ကြရတယ်။ ဒီလို စုပေါင်းအလုပ်လုပ်ကြရတဲ့ ဘဝအခြေအနေမှာ သူတို့ဘဝလိုအပ်ချက်တွေကို တိုင်ပင် ဆွေးနွေးဖြစ်ကြမယ်၊ စုပေါင်းပြီး အရေးကိစ္စတွေ လုပ်ဆောင်လာကြတယ်၊ သူတို့တတွေရဲ့ ဘဝတူအခြေအနေ နဲ့ ဘုံအကျိုးစီးပွားကို သိမြင်လာကြတယ်။ (ဂ) စက်ရုံတရုံကနေ နောက်တရုံ ပြောင်းရွှေ့ လုပ်ကိုင်နေကြရ တယ်။ ဒီအခါ ဘယ်အရင်းရှင်လုပ်ငန်းမှာမဆို သွေးစုပ်ခြယ်လှယ်မှုရှိကြောင်း ဘဝအရ သိလာတယ်။ မတူညီတဲ့ စက်ရုံအသီးသီးက အလုပ်သမားတွေရဲ့ အတွေ့အကြုံတွေကို အပြန်အလှန် လေ့လာခွင့် ရတယ်။ ဒီလိုနည်းနဲ့ အရင်းရှင်တဦးတယောက်ရဲ့ သွေးစုပ်မှုမဟုတ်ပဲ အရင်းရှင်လူတန်းစားတရပ်လုံးရဲ့ သွေးစုပ်ခြယ်လှယ်မှုကို ခံနေရတာဖြစ်ကြောင်း သိလာမယ်။ ဒီလိုအခြေအနေတွေကနေ အလုပ်သမားတွေရဲ့ စုစည်းညီညွတ်မှု ထွက် ပေါ်လာတယ်။

အလုပ်သမားလူတန်းစားရဲ့ သွေးစည်းမှုကို သပိတ်တိုက်ပွဲတွေမှာ အထင်အရှားတွေ့ရတယ်။ အရင်းရှင်စနစ်ရဲ့ ဖိနှိပ်မှုတွေပြင်းထန်လာလေ အလုပ်သမားတွေရဲ့ စုစည်းဆန့်ကျင်မှု ပိုအားကောင်းလေဖြစ်တယ်။ လက်ရှိအနေ အထားမှာ စက်ရုံတခုချင်းစီအလိုက်၊ သပိတ်တိုက်ပွဲတွေ ဒေသအလိုက် ဆန့်ကျင်မှုတွေ ခပ်စိပ်စိပ်ဖြစ်ပေါ် နေတယ်။ ဒီလို သီးခြားတိုက်ပွဲတွေဟာ မလုံလောက်ကြောင်း ထင်ထင်ရှားရှား တွေ့ရတယ်။ နယ်ချဲ့ကို မှီခိုထား တဲ့ (စစ်)ဗျူရိုကရက် အရင်းရှင်လူတန်းစားဟာ သူတို့ချင်း သွေးစည်းကြတယ်။ အလုပ်သမားလူတန်းစားကို ဖိနှိပ်ဖို့ ခေါင်းမဖော်ရဲအောင် ဦးချိုးထားဖို့ သူတို့ချင်း စည်းဝါးကိုက်ထားကြတယ်။ ရဲတပ်၊ စစ်တပ်၊ ထွေအုပ်၊ တရားရုံး စတဲ့ သူတို့ပိုင် အကြမ်းဖက် အစိုးရယန္တယားကိုလည်း လိုရင်လိုသလို ထုတ်သုံးတယ်။ ဒါ့ကြောင့် အလုပ်သမားလူတန်းစားဟာ အလုပ်ရှင်တဦးတလေကို ရင်ဆိုင်နေရတာမဟုတ်ပဲ အရင်းရှင်လူတန်းစား တရပ်လုံးနဲ့ သူတို့ရဲ့ကိုယ်စားလှယ်တော် အစိုးရကိုပါ ခုခံရင်ဆိုင်နေရခြင်းဖြစ်တယ်။ ရွေးကောက်ပွဲနဲ့ တက်လာ တဲ့ ဒီမိုကရေစီအမည်ခံ အစိုးရပဲဖြစ်ဖြစ်၊ စစ်တပ်နဲ့ အာဏာသိမ်းထားတဲ့ စစ်အစိုးရပဲဖြစ်ဖြစ် အလုပ်သမားလူ တန်းစားကို အကြမ်းဖက် ဖိနှိပ်ပြီး (စစ်)ဗျူရိုကရက် အရင်းရှင်လူတန်းစားကို အလုပ်အကျွေးပြုရတာချင်းတော့ အတူတူပါပဲ။ ဒါ့ကြောင့် အလုပ်သမား လူတန်းစား တရပ်လုံးအနေနဲ့ စုစည်းတိုက်ပွဲဝင်နိုင်ဖို့ အင်မတန်လိုအပ် တယ်။ တပ်ဦးပါတီတခုကနေသာ အလုပ်သမား လူတန်းစား တရပ်လုံးကို စုစည်းဦးဆောင်နိုင်တယ်။ အလုပ်ရှင် အလုပ်သမားတိုက်ပွဲကနေ အရင်းရှင်လူတန်းစားတရပ်လုံးကို ဦးတည် တိုက်တဲ့ လူတန်းစားတိုက်ပွဲအဖြစ် ပြောင်းလဲသွားရမယ်။

(၆)အလုပ်သမား လူတန်းစားတရပ်လုံးက အရင်းရှင်လူတန်းစား တရပ်လုံးကို ဦးတည်တိုက်တဲ့ လူတန်းစား တိုက်ပွဲဟာ တခြားသူရဲ့ လုပ်အားအပေါ် ကပ်ပါးစားသောက်နေတဲ့ လူတန်းစားအားလုံးနဲ့ သွေးစုပ်ခြယ်လှယ် မှုအားလုံးကို ဖြိုဖျက်တဲ့ တိုက်ပွဲဖြစ်တယ်။ အလုပ်သမား လူတန်းစားလက်ထဲ နိုင်ငံရေးအာဏာရောက်ရှိသွားပြီး ဆိုရှယ်လစ်ကုန်ထုတ်စနစ် တည်ဆောက်ရေးအတွက် မြေယာတွေ၊ စက်ရုံတွေ၊ စက်ယန္တယားတွေ၊ တွင်းထွက် လုပ်ငန်းတွေ စတဲ့ ကုန်ထုတ်အရင်းအနှီးအားလုံး လူ့အဖွဲ့အစည်းတရပ်လုံးရဲ့ ထိန်းချုပ်မှုအောက် ရောက်ရှိမှ သာ ဒီတိုက်ပွဲပြီးမယ်။ ဆိုရှယ်လစ်ကုန်ထုတ်စနစ်မှာ အလုပ်သမားလူတန်းစား ထုတ်လုပ်သမျှနဲ့ ကုန်ထုတ် သတ္တိ တိုးတက်မှုရဲ့ အသီးအပွင့် အားလုံးဟာ လုပ်သားထု တရပ်လုံးကို ကောင်းကျိုးခံစားရစေမယ်။

(ဆွေးနွေးချက်)
အလုပ်သမားတွေရဲ့ တိုက်ပွဲဟာ အရင်းရှင်တဦးတယောက်ကိုတင် ဦးတည်တာမဟုတ်ပဲ အရင်းရှင် လူတန်း စား တရပ်လုံးကို ဦးတည် တိုက်တဲ့ လူတန်းစားတိုက်ပွဲအဖြစ် ပြောင်းလဲသွားကြောင်း အထက်မှာ တင်ပြဆွေး နွေးခဲ့ပြီ။ ဒါဆို အလုပ်သမားလူတန်းစားရဲ့ ဒီတိုက်ပွဲက ကျန်လုပ်သားထု တရပ်လုံးအတွက် ဘယ်လောက် တောင် အရေးပါသလဲ။ လုပ်ခစားအလုပ်သမားတွေနဲ့ ကုန်ထုတ်ခြင်းဟာ တနိုင်တပိုင် အသေးစားကုန်ထုတ် လုပ်ငန်းတွေကို အလျင်အမြန် ဖြိုဖျက်ပစ်လျက်ရှိတယ်။ အရင်းက လုပ်အားကို ခြယ်လှယ်မှုဟာ စက်ရုံတွေမှာ တင် မကတော့ဘူး။ လယ်ယာစိုက်ပျိုးရေးကဏ္ဍအထိ ထိုးဖောက်သွားပြီ။ ဒါ့ကြောင့် လုပ်အားစွမ်းပကားကို ရောင်းချပြီး ရသမျှ လုပ်ခလေး နဲ့ အသက်မွေးရသူ လူတန်းစားဟာ တဟုန်ထိုးတိုးပွားလာနေတယ်။ ကိုယ်ပိုင် လယ်ယာလုပ်ငန်းနဲ့ မလုံလောက်တော့လို့ လုပ်အားစွမ်းပကား ရောင်းချအသက်မွေးရသူတွေ လယ်သမားထု ကြားမှာ တနေ့တခြား တိုးပွားလာနေတယ်။ လုပ်ခနဲ့ လုပ်အားစွမ်းပကားကို ဝယ်ယူခိုင်းစေခြင်း၊ လုပ်ခပေးနိုင် သူ (အရင်းရှင်) အတွက် အလုပ်လုပ်ပေးရခြင်းဟာ ဒီကနေ့ခေတ် လူ့အဖွဲ့အစည်းမှာ လွှမ်းမိုးထားတဲ့ အကျယ် ပြန့်ဆုံး လုပ်အားပုံသဏ္ဍာန် ဖြစ်လာတယ်။ ဒီလို လုပ်ခပေး ဝယ်ယူထားတဲ့ လုပ်အားစွမ်းပကားကို သွေးစုပ်ခြယ် လှယ်မှုဟာ ဒီကနေ့ လူ့အဖွဲ့အစည်း ရဲ့ အဓိက သွေးစုပ်မှု ဖြစ်လာတယ်။

လုပ်ခစားအလုပ်သမားလူတန်းစားကို အရင်းရှင်လူတန်းစားကသာ သွေးစုပ်ခြယ်လှယ်နေတာ မဟုတ်သေးဘူး။ အရင်းရှင်လူတန်းစားဘက်က ရပ်တည်ရေးဆွဲထားတဲ့ ဥပဒေပြဌာန်းချက်တွေဟာလည်း အလုပ်သမားထုကို ပုံ သဏ္ဍာန်အမျိုးမျိုးနဲ့ ထုထောင်းလျက်ရှိတယ်။ အရင်းရှင်တယောက်က အလုပ်သမားတယောက်ကို စိတ်ကြိုက် ခြယ်လှယ်သွေးစုပ်ရာက စိတ်တိုင်းမကျဖြစ်လာရင် အချိန်မရွေး အလုပ်ထုတ်ပစ်နိုင်တယ်။ အလုပ်သမားတ ယောက်က ဒီအလုပ်ရှင်ကို သဘောမကျလို့ ဖိနှိပ်တာ မခံနိုင်လွန်းလို့ အလုပ်ထွက်သွားလိုက်လို့ မရဘူး။ သူ သာ အလုပ်လက်မဲ့ဖြစ်ပြီး ငတ်သေသွားမယ်။ နောက်အရင်းရှင်ဆီ ပြောင်းလုပ်လည်း ရှင်ကြီး ကျားထက်ဆိုး ပဲဖြစ်မယ်။ မကျေနပ်လွန်းလို့ တရားစွဲဦးမလား။ အရင်းရှင်ဘက်က ရပ်တည်ဖိနှိပ်တဲ့ တရားစီရင်ရေးစနစ်ကို ကြုံတွေ့ရမယ်။ ဒီတော့ အလုပ်သမားလူတန်းစား ရင်ဆိုင်နေရတာ အရင်းရှင်လူတန်းစားတရပ်လုံးနဲ့ သွေးစုပ် ခြယ်လှယ်မှုအပေါ် အခြေခံထားတဲ့ လူမှုစနစ်ကြီးတခုလုံးဖြစ်နေတယ်။ အလုပ်သမားလူတန်းစား ရင်ဆိုင်နေ ရတာ ဗျူရိုခရက်ဆိုး တဦးတလေမဟုတ်၊ အရင်းရှင်လူတန်းစားကို အကာအကွယ်ပေးနေတဲ့ အစိုးရ အာဏာ တခုလုံးဖြစ်တယ်။ ဒါ့ကြောင့် အလုပ်သမားလူတန်းစားရဲ့တိုက်ပွဲဟာ လုပ်သားထုတရပ်လုံးကို ကိုယ်စားပြုပြီး သွေးစုပ်ခြယ်လှယ်မှုအပေါ် အခြေခံထားတဲ့ လူမှုစနစ်တခုလုံးကို တိုက်တဲ့ တိုက်ပွဲဖြစ်လာတယ်။ တပါးသူ လုပ်အားကို သွေးစုပ်နေတဲ့ လူတန်းစားအားလုံးကို ဦးတည်တိုက်တဲ့ လူတန်းစားတိုက်ပွဲဖြစ်လာတယ်။

လက်တဆုပ်စာသာရှိတဲ့ အရင်းရှင်လူတန်းစားက လုပ်သားထုကြီး တရပ်လုံးကို ဘယ်လိုကြောင့် သွေးစုပ်ခြယ် လှယ်နေနိုင်တာလဲ။ မြေယာ၊ စက်ရုံ၊ စက်ယန္တယားတွေ အပါအဝင် ကုန်ထုတ်အရင်းအနှီးအားလုံးကို "ပုဂ္ဂလိက ပိုင်ဆိုင်မှုအဖြစ်" အရင်းရှင်လူတန်းစားက သိမ်းပိုက်ချုပ်ကိုင်ထားလို့ လူထုတရပ်လုံးကို အခုလို သွေးစုပ်ခြယ် လှယ်နေနိုင်ခြင်း ဖြစ်တယ်။ (စစ်)ဗျူရိုကရက် အရင်းရှင်လူတန်းစားက တနိုင်ငံလုံးရှိသမျှ မြေယာအားလုံးကို "နိုင်ငံတော်က ပိုင်သည်" ဟစ်ကြွေးပြီး သူတို့လက်ထဲ ချုပ်ကိုင်ထားတယ်။ အကြမ်းဖက်လုယူ ခံလိုက်ရလို့ မြေ ယာလက်မဲ့ဖြစ်သွားသူတွေဟာ လုပ်အားစွမ်းပကားကို ရောင်းချအသက်မွေးရုံသာ ရှိတော့တယ်။ အလုပ်သမား လူတန်းစားမှာလဲ ဘာကုန်ထုတ်ကိရိယာမှ မယ်မယ်ရရမရှိ။ ကုန်ကြမ်းလည်း မရှိ။ တခုတည်းသော ပိုင်ဆိုင်ရာ ဆိုလို့ လုပ်အားစွမ်းပကားပဲရှိတယ်။ ရှိတာကို ရသမျှဈေးနဲ့ ရောင်းချအသက်မွေးရတယ်။ ကုန်ထုတ်အရင်းအနှီး အားလုံး(နီးပါး)ကို ပုဂ္ဂလိကပိုင်ပြုထားတဲ့ (စစ်)ဗျူရိုခရက် အရင်းရှင်လူတန်းစားဟာ ဈေးချိုချိုနဲ့ ဝယ်ယူလိုက်တဲ့ လုပ်အားစွမ်းပကားကို ခိုင်းစေရာက အပိုစောင်းထွက်ကုန်တွေ ရရှိလာတယ်။ ဒီထွက်ကုန်အားလုံးဟာလည်း ဘာအလုပ်မှ မလုပ်ရပဲ သူတို့ရဲ့ ပုဂ္ဂလိကပိုင်ဆိုင်မှုဖြစ်သွားပြန်တယ်။ ထွက်ကုန်တွေကို ရောင်းချရာက ရလာ တဲ့ ငွေကြေးအရင်းထဲကနေ မဆိုစလောက်ကို လုပ်ခအဖြစ် အသုံးချတယ်။ ကျန်တာ သူတို့အတွက်ချည်း ဖြစ်သွားတယ်။ အလုပ်သမားတွေကို တနေရာတည်းမှာ စုခိုင်းလို့ထွက်ပေါ်လာတဲ့ စုပေါင်းလုပ်အားရဲ့ အသီး အပွင့်၊ ခေတ်မီနည်းပညာတွေ တိုးတက်လာတာနဲ့အမျှ ပိုတိုးလာတဲ့ ကုန်ထုတ်သတ္တိရဲ့ အသီးအပွင့် အားလုံး ဟာ အရင်းအနှီးပိုင်သူ လူတန်းစားအိတ်ထဲချည်း ရောက်သွားတယ်။ ဒါတွေအားလုံးဟာ ကုန်ထုတ်အရင်း အနှီးတွေကို ဘာအလုပ်မှ မလုပ်တဲ့ လက်တဆုပ်စာ အရင်းရှင်လူတန်းစားက ပုဂ္ဂလိကပိုင်ပြုထားလို့ ဖြစ်နေ ရတာ။ ဒါ့ကြောင့် အရင်းက လုပ်အားကို သွေးစုပ်ခြယ်လှယ်မှုအား အပြီးတိုင်ဖျက်သိမ်းပစ်ဖို့ တခုတည်းသော နည်းလမ်းဟာ ကုန်ထုတ်အရင်းအနှီးတွေကို ပုဂ္ဂလိကပိုင်ပြုထားတာ လုံးဝပယ်ဖျက်ပစ်ပြီး လူ့အဖွဲ့အစည်း တရပ်လုံးရဲ့ ထိန်းချုပ်မှုအောက် ထားရမယ်။ အလုပ်သမားလူတန်းစား ကိုယ်တိုင်က ဦးဆောင်လမ်းညွှန်တဲ့ ဆို ရှယ်လစ် ကုန်ထုတ်စနစ်ကို တည်ဆောက်ရမယ်။ အလုပ်သမားတွေ စုပေါင်းထုတ်လိုက်သမျှဟာ ကုန်ထုတ် အရင်းအနှီးကို ပုဂ္ဂလိကပိုင်ပြုထားတဲ့ အရင်းရှင်စနစ်မှာလို လက်တဆုပ်စာ အရင်းရှင်တွေအတွက် မဟုတ် တော့ဘူး။ လုပ်သားထု တရပ်လုံးစားသုံးဖို့ဖြစ်တယ်။ လုပ်သားထုတရပ်လုံးရဲ့ စုပေါင်းလုပ်အားက ထွက်လာပြီး လတ်တလောစားသုံးဖို့ထက် ပိုလျှံနေတာတွေဟာလည်း လုပ်သားထုတရပ်လုံးရဲ့ စွမ်းဆောင်ရည်တွေ ဖွံ့ဖြိုး လာအောင် အသုံးချဖို့၊ သိပ္ပံနဲ့ အနုပညာတွေရဲ့ အသီးအပွင့်တွေကို ညီတူမျှတူ စားသုံးခွင့်ရစေဖို့အတွက်သာ ဖြစ်တယ်။ ဒီလိုနည်းနဲ့ အရင်းရှင်လူတန်းစားနဲ့ အလုပ်သမားလူတန်းစားကြားက တိုက်ပွဲ ပြီးဆုံးနိုင်မှာ ဖြစ် တယ်။ ဒီလိုဖြစ်လာစေဖို့ အရင်းရှင်လူတန်းစားနဲ့ သူ့ရဲ့ ကိုယ်စားလှယ်တွေ လက်ထဲ ချုပ်ကိုင်ထားတဲ့ အကြမ်း ဖက် အစိုးရယန္တယားကို ဖြိုဖျက်ပစ်ပြီး အလုပ်သမားလူတန်းစားက နိုင်ငံရေးအာဏာသစ်ကို ထူထောင်ရမယ်။ ဒါဟာ အလုပ်သမားလူတန်းစားတိုက်ပွဲရဲ့ အဆုံးသတ်ပန်းတိုင်ဖြစ်သလို သွေးစုပ်ခြယ်လှယ်မှုအားလုံးကနေ လွတ်မြောက်ရေးအတွက် အခြေခံလည်းဖြစ်တယ်။ လူတန်းစားအသိ နိုးကြားပြီး စုစည်းလှုပ်ရှားနေတဲ့ အလုပ် သမားတွေအားလုံး ရှေးရှုချီတက်သင့်တဲ့ ပန်းတိုင်လည်းဖြစ်တယ်။ ဒီပန်းတိုင်ကို ချီတက်ရာမှာ အင်မတန်ကြီး မားတဲ့ အခက်အခဲ အဟန့်အတားတွေ တသီကြီးရှိနေတယ်။

(ဆက်လက်တင်ပြပါဦးမည်)

ကိုတင်ဦး

The Spectre - တပ်ဦးဂျာနယ် အတွဲ(၁)အမှတ်(၁)ပါ ဆောင်းပါးကို ပြန်လည်ဖော်ပြခြင်းဖြစ်ပါတယ်။