ပြိုကွဲ ကျပ်​တည်းလာ​သော လူ့အဖွဲ့အစည်း နှင့်​ သိပ္ပံပညာ

Part two of a Burmese translation of Reason and Revolt by Ted Grant and Alan Woods

[Source]

သိပ္ပံပညာ ရပ်​​လောကဟာ အရင်းရှင်​လူ့အဖွဲ့အစည်းရဲ့ ပြိုကွဲပျက်​စီးမှုက​နေ လွတ်​ကင်း​နေ​သေးတယ်​လို့ မကြာ​သေးခင်​အချိန်​ထိ ထင်​မြင်​ခဲ့ရပါ​သေးတယ်​။ ​ခေတ်​သစ်​ နည်းပညာရဲ့ ထူး​ထွေဆန်းပြားမှု​တွေ က သိပ္ပံပညာ ရှင်​​တွေကို ကြီးမားတဲ့စွမ်းအား​တွေ​ပေးထားပါတယ်​။ သူတို့ကို ​မှော်​ဆန်​ဆန်​ အစွမ်း​တွေ ပိုင်​ဆိုင်​ထားတယ်​လို့​တောင်​ထင်​မြင်​လာ​စေပါတယ်​။ လူများစု ပညာတတ်​​တွေ​တောင်​မှ နားမလည်​နိုင်​​တော့​အောင်​ သူတို့ရဲ့ သီအိုရီ​တွေက ရှုပ်​​ထွေးလာတာနဲ့အမျှ သိပ္ပံပညာရပ်​အသိုက်​အဝန်းဟာလည်း ​ပိုမိုအထင်​ကြီး​လေးစားခံလာရပါတယ်​။ ဒါ​ပေမဲ့ သိပ္ပံပညာ ရှင်​ဆိုတာကလည်း ကျ​နော်​တို့လိုပဲ ဒီကမ္ဘာမှာရှင်​သန်​​နေထိုင်​ကြတဲ့ သာမန်​ ​သေနိုင်​တဲ့ လူသား​တွေပါပဲ။ ဒါ​ကြောင့်​မို့ အသာစီးရ​နေတဲ့ အ​တွေးအ​ခေါ်၊ ဒဿန​တွေ ၊ နိုင်​ငံ​ရေး၊ လူအုပ်​စုတစု​ပေါ်ထားတဲ့ အမြင်​​တွေ စတဲ့အရာ​တွေအပြင်​ တခါတရံမှာ ဥစ္စာပစ္စည်း အကျိုးအမြတ်​​တွေက​ပါ သူတို့အ​ပေါ် လွှမ်းမိုးမှုရှိနိုင်​ပါတယ်​။

သိပ္ပံပညာ ရှင်​​တွေ ၊ အထူးသဖြင့်​ သီအိုရီ ရူပ​ဗေဒပညာရှင်​​တွေဟာ သာမန်​လူသား​တွေရဲ့အ​ထက်​မှာ ရှိ​နေတဲ့ အထူးလူတန်းစားတမျိုးဖြစ်ပြီး သူတို့ဟာ သာမန်​လူသား​တွေကို စကြ၀ဠာ က​ပေးမသိတဲ့ လျို့ဝှက်​ချက်​​တွေကို သိခွင့်​ရထားတယ်​လို့ အချိန်​အ​တော်​ကြာ​အောင်​ ယူဆထားခဲ့ကြပါတယ်​။ ဒီ နှစ်​ဆယ်​ရာစု ဒဏ္ဍာရီ ကြီးကို ကမ္ဘာ ကြီးဟာ ပြင်​ပက ဂြိုဟ်​သား​တွေရဲ့ တိုက်​ခိုက်​မှုနဲ့ အမြဲခြိမ်း​ခြောက်​ခံ​နေရသ​ယောင်​ ပုံ​ဖော်​ထားတဲ့ သိပ္ပံ ဝတ္ထု ရုပ်​ရှင်​​ဟောင်း​တွေက​နေ ​ကောင်း​ကောင်း​ဖော်​ပြ​ပေးထားပါတယ်​။ (တကယ်​တမ်း​တော့ လူသားမျိုးနွယ်​ရဲ့ အနာဂတ်​ကို ခြိမ်း​ခြောက်​​နေတဲ့ အန္တရာယ်​က အနီးအနားမှာပဲရှိ​နေတာပါ၊ ဒါက ​တပိုင်းထားလိုက်​ကြရ​အောင်​ပါ။) ရုပ်​ရှင်​ ​နောက်​ဆုံးခန်းမှာ​ အဖြူ ​ရောင်​ကုတ်​အကျီင်္နဲ့ လူတ​ယောက်​က ထွက်​လာပြီး ​ကျောက်​သင်​ပုန်းမှာ ရှုပ်​​ထွေးတဲ့ ညီမျှခြင်းတခု​ရေးချလိုက်​ပါတယ်​။ ပြီးရင်​​တော့အားလုံး အဆင်​​ပြေသွားပါတယ်​။

အမှန်​တရားက​တော့ ဒါနဲ့​တော်​​တော်​​လေးကွာခြားပါတယ်​။ သိပ္ပံပညာရှင်​​တွေနဲ့ တခြား ပညာရှင်​​တွေဟာ လူ့အဖွဲ့အစည်း မှာဖြစ်​ပျက်​​နေတဲ့ ​ယေဘုယျ အလားအလာဖြစ်​နိုင်​​ခြေ​တွေက​နေ မလွတ်​ကင်းနိုင်​ပါဘူး။ သူတို့ဟာ နိုင်​ငံ​ရေးနဲ့ ဒဿနအ​တွေးအ​ခေါ်​တွေနဲ့ လွတ်​ကင်းတယ်​ ဆိုတဲ့အချက်​က သူတို့ဟာ လက်​ရှိဖြစ်​တည်​ဆဲ အယူအဆ အမြင်​သ​ဘောထား​တွေထဲ လွယ်​လွယ်​ကူကူ ​ပျော်​ဝင်​ သွားနိုင်​တာကို ​ဖော်​ပြ​နေတာပါ။ သူတိုရဲ့ အ​တွေးအ​ခေါ်​တွေကို ​ခေတ်​​နောက်​ပြန်​အဆွဲဆုံး ( အပြောင်းအလဲကို လိုလားမှုမရှိဆုံး) ​နိုင်​ငံ​ရေးရပ်​တည်​ချက်​​တွေ အတွက်​​ထောက်​ပံ့​ပေးဖို့အသုံးချနိုင်​ပါတယ်​။ သိသာထင်​ရှားတဲ့ တန်​ပြန်​​တော်​လှန်​​ရေးကြီး (အထူးသဖြင့်​ အ​မေရိကန်​ မှာ) ဖြစ်​​ပေါ်ခဲ့တဲ့ မျိုးဗီဇဆိုင်​ရာ ပညာရပ်​နယ်​ပယ်​မှာဆိုရင်​ ဒီအချက်​ကိုထင်​ထင်​ရှားရှား​တွေ့နိုင်​ပါတယ်​။ သိပ္ပံ နည်းကျ တဲ့ သီအိုရီလို့မှတ်​ယူထားတဲ့ အရာ​တွေကိုအသုံးပြု ပြီး 'ပြစ်​မှုကျူးလွန်​မှု' ​တွေဟာ လူမှု​ရေးအ​ခြေအ​နေ​တွေ​ကြောင့်​မဟုတ်​ဘဲ 'ပြစ်​မှုကျူးလွန်​တဲ့ ဗီဇ' ​ကြောင့်​ဖြစ်​ရတယ်​လို့ သက်​​သေပြဖို့ လုပ်​ခဲ့ကြပါတယ်​။ လူမည်း​တွေဟာ ခွဲခြားဆက်​ဆံခံရတာ​ကြောင့်​မဟုတ်​ဘဲ သူတို့ရဲ့ မျိးဗီဇတည်​​ဆောက်​မှု​ကြောင့်​ ​နိမ့်​ပါးဆင်းရဲ​နေရတယ်​လို့ စွပ်​စွဲခဲ့ကြပါတယ်​။ ဆင်းရဲသား​တွေ၊ လင်​​ယောက်ျားမရှိတဲ့ မိခင်​​တွေ၊ အမျိုသမီး​တွေ၊ လိင်​တူဆက်​ဆံသူ​တွေ ကိုလည်း ဒီလိုပုံစံ​နဲ့ပဲ စွပ်​စွဲပြစ်​တင်​ကြပါတယ်​။ အမှန်​​ပြောရရင်​ ဒီလိုသိပ္ပံပညာ မျိုးဟာ လူမှုဖူလုံ​ရေးရန်​ပုံ​ငွေ​တွေကို ဖြတ်​​တောက်​ပစ်​ဖို့ ရည်​ရွယ်​​နေတဲ့ ရီပတ်​ဘလစ်​ကန်​ စိုးမိုးတဲ့ လွှတ်​​တော်​အတွက်​ ​တော့ အလွန်​ကိုက်​ညီ ​ကောင်းမွန်​လှပါတယ်​။

ဒီစာအုပ်​ဟာ ဒဿနအ​ကြောင်းပါ၊ တိတိကျကျ​ပြောရရင်​ မာ့စ်​ဝါဒရဲ့ ဒဿနဖြစ်​တဲ့ ဒိုင်​ယာလက်​တစ်​ ရုပ်​ဝါဒအ​ကြောင်းဖြစ်​ပါတယ်​။ သိပ္ပံပညာ ရှင်​​တွေကို ဘယ်​လို​တွေးရမယ်​ ဘာ​တွေ​ရေးရမယ်​ ​ဆိုတာ ​ဝေဖန်​​​ထောက်​ပြ​နေဖို့က ဒဿနရဲ့ အလုပ်​မဟုတ်​ပါဘူး၊ အနည်းဆုံး သူတို့က သိပ္ပံပညာ အ​ကြောင်းပဲ​ရေးခဲ့ရင်​​ပေါ့။ ဒါ​ပေမဲ့ သိပ္ပံပညာ ရှင်​​တွေက ဒဿနပညာ၊ ဘာသာ​ရေး၊ နိုင်​ငံ​ရေး​တွေနဲ့ပက်​သက်​တဲ့ အမြင်​​တွေကိုပါ ​ဖော်​ပြလာတာက အကျင့်​တခုလိုဖြစ်​​နေပါတယ်​။ သူတို့မှာ ​ရေးခွင့်​လည်းရှိပါတယ်​။ ဒါ​ပေမဲ့ အလွန်​တရာ ဆိုးဝါးတဲ့ ​နောက်​ပြန်​ဆွဲ ဒဿနအမြင်​​တွေကို ကာကွယ်​ဖို့ရာ သိပ္ပံပညာ အရ ပြည့်​စုံမှန်​ကန်​ (သ​ယောင်​ထင်​ရတဲ့) စာတမ်း​တွေကို သုံးလာပြီဆိုရင်​​တော့ သူတို့ဆီ ကျ​နော်​တို့အာရုံစိုက်​လာရဖို့အချိန်​ပါပဲ။ ဒီလိုစာတမ်း​တွေ ၊ သီအိုရီဆိုင်​ရာထုတ်​ပြန်​ချက်​​တွေက လက်​တဆုပ်​စာ ပ​ရော်​ဖက်​ဆာ ​တွေကြားမှာပဲရှိ​နေမှာမဟုတ်​ပါဘူး။ ​လက်​ယာနိုင်​ငံ​ရေးသမား​တွေ ၊ လူမျိုး​ရေးခွဲခြားသူ​တွေ၊ ဘာသာ​ရေး အစွန်း​ရောက်​​တွေက ဒါ​တွေကိုယူသုံးပြီး သိပ္ပံပညာ အတုအ​ယောင်​ ​တွေနဲ့ သူတို့ကိုယ်​သူတို့ကာကွယ်​တည်​​ဆောက်​ကြပါတယ်​။

သူတို့ကအထင်​လွဲခံရတာပါလို့ သိပ္ပံပညာ ရှင်​​တွေက ​စောဒကတက်​​လေ့ရှိပါတယ်​။ သူတို့က ဘာသာ​ရေးသမားလူလိမ်​လူ​ကောက်​​တွေနဲ့ ကိုယ်​ကျိုးရှာနိုင်​ငံ​ရေးသမား​တွေ အတွက်​ အသုံးဝင်​​စေမဲ့ အချက်​အလက်​​တွေ ​ထောက်​ပံ့​ပေး​ဖို့ ရည်​ရွယ်​တာမဟုတ်​ဘူးလို့​ပြောကြတယ်​။ ဒီလိုလည်းဖြစ်​​ကောင်းဖြစ်​နိုင်​ပါတယ်​။ ဒါ​ပေမဲ့ ဒီလိုသာဆိုရင်​ သူတို့ဟာ ဂရုမပြု ဘဲ ပြု မူမှု၊ ဒါမှမဟုတ်​ အနည်းဆုံး​တော့ မသိနားမလည်​မှု ​တွေအတွက်​အပြစ်​ရှိပါတယ်​။ တဖက်​ကလည်း သိပ္ပံပညာ ရှင်​​တွေရဲ့ မှားယွင်းတဲ့ ဒဿနအမြင်​​တွေကို အသုံးချတဲ့ လူ​တွေကို မသိနားမလည်​မှုအတွက်​အပြစ်​တင်​လို့မရပါဘူး။ ဒီလူ​တွေက သူတို့ရပ်​တည်​ရာရှုထောင့်​ကိုပဲသိပါတယ်​။ "အစွဲကင်းတဲ့ ​ငွေ​ကြေးရှာ​ဖွေသုံးစွဲမှု​ပေါ်အ​ခြေခံတဲ့ ဘာသာ​ရေး (​ငွေ​ကြေးကိုသာ ဘာသာ​ရေးတခု ဘုရားသခင်​တပါးအဖြစ်​ကိုးကွယ်​ခြင်းကို ဆိုလို- ဘာသာပြန်​သူ) ကို သံ​ချေးတက်​​နေတဲ့ ​တောင်​ပံလို ချန်​ထားခဲ့လာတာနဲ့အမျှ တကယ့်​ ကိုယ်​ကျင့်​တရား ကျင့်​ဝတ်​​တွေနဲ့ အမျက်​ထွက်​​နေတဲ့ နတ်​ဘုရား​တွေ ပါဝင်​တဲ့ ခက်​ထန်​တဲ့ဘာသာ​ရေး​တွေ တ​ကျော့ပြန်​လာလိမ့်​မယ်​။ ရာစုနှစ်​​များစွာအတွင်း မှာ ပထမဆုံးအကြိမ်​အ​နေနဲ့ သိပ္ပံပညာ ရဲ့ ရှာ​ဖွေထုတ်​ပြမှု​တွေက ဘဝရဲ့ နာမ်​ပိုင်းဆိုင်​ရာ ရှု​ထောင့်​ကို ​မှေးမှိန်​ ​စေရမယ့်​အစား အား​ပေးလာလိမ့်​မယ်​" လို့ ရီးစ်​​မော့ဂ်​ က​ငြင်းချက်​ထုတ်​ပါတယ်​။ ရီးစ်​​မော့ဂ်​အတွက်​က​တော့ ဘာသာ​ရေးဆိုတာ ရဲ​တွေနဲ့ ​ထောင်​​တွေနည်းတူ အသာစီးမရတဲ့ ဆင်းရဲသား​တွေကို ​နေမြဲတိုင်း​နေ​စေဖို့ ဖိနှိပ်​ထားစရာ လက်​နက်​​ကောင်းတခုပဲဖြစ်​တယ်​။ သူက ဒါကိုရှင်းရှင်းပဲ ခုလို​ပြောပါတယ်

"အမြင့်​ကို​ရောက်​ဖို့ ​မျှော်​လင့်​ချက်​နည်းလာတာနဲ့အမျှ ဆင်းရဲသား​တွေအဖို့ သိပ္ပံ နည်းမကျတဲ့ ထင်​​ယောင်​ထင်​မှား ​တွေပြည့်​​နေတဲ့ ပုံစံနဲ့ပဲ ဘဝကိုရှု မြင်​ဖို့ဖြစ်​လာပါတယ်​။ နည်းပညာရဲ့ ​နေရာမှာ သူတို့က ​မှော်​ပညာကိုအစားထိုးလာတယ်​။ အမှီအခိုကင်းတဲ့ လက်​​တွေ့ ​လေ့လာဆန်းစစ်​မှု​တွေအစား ကျဉ်း​မြောင်းတဲ့ မျက်​စိမှိတ်​ယုံကြည်​မှု​တွေကိုအားထားလာကြပါတယ်​။ သမိုင်းဖြစ်​ရပ်​​တွေအစား ဒဏ္ဍာရီပုံပြင်​ ​တွေကိုယုံကြည်​လာကြတယ်​။ အထုပ္ပတ္တိ​တွေအစား သူရဲ​ကောင်း​တွေကို တီထွင်​လာကြတယ်​။ ပြီး​တော့ သူတို့ဟာ ​ဈေးကွက်​စီးပွား​ရေးကလိုအပ်​​နေတဲ့ ဘက်​လိုက်​မှုကင်းတဲ့ ရိုးသားမှု​နေရာမှာ မိသားစု​ဆွေမျိုး အ​ပေါ်အ​ခြေခံတဲ့ သစ္စာခံမှု တွေကိုအစားထိုးလာကြပါတယ်​။"

ဈေးကွက်​ရဲ့ ဘက်​လိုက်​မှုကင်းတဲ့ ရိုးသားမှု ဆိုတာကြီးကို ခဏဖယ်​ထားကြပြီး သူ့အဆိုရဲ့ အဓိကအချက်​ကိုကြည့်​ကြရ​အောင်​ပါ။ အနည်းဆုံး​တော့ ရီးစ်​​မော့ဂ်​က သူ့ရဲ့ တကယ့်​ ရည်​ရွယ်​ချက်​ နဲ့ သူပါဝင်​တဲ့လူတန်းစားရဲ့ရပ်​တည်​မှုကို ဖုံးကွယ်​မထားပါဘူး။ ဒီ​နေရာမှာ ကျ​နော်​တို့ဟာ ဖြစ်​တည်​ဆဲစနစ်​ကိုကာကွယ်​လိုသူတ​ယောက်​ရဲ့ ​ဗြောင်​ကျမှု ကို​တွေ့ရပါတယ်​။ ဆင်းရဲမွဲ​တေတဲ့၊ အလုပ်​လက်​မဲ့ဖြစ်​​နေတဲ့၊ လူမည်း​တွေအများစုပါဝင်​​နေတဲ့ ၊ ဆင်​​ခြေဖုံးရပ်​ကွက်​​တွေမှာ​နေ​နေရတဲ့ အ​ခြေခံနိမ့်​ကျတဲ့ လူတန်းစားတရပ်​ကိုဖန်​တီးထားတာဟာ ဖြစ်​တည်​ဆဲလူမှုစနစ်​အတွက်​ ​ပေါက်​ကွဲမှုအား​ကောင်းတဲ့ အန္တရာယ်​တခုပါပဲ။ ကျ​နော်​တို့အတွက်​ကံ​ကောင်းတာက ဆင်းရဲသား​တွေက မသိနားမလည်​တုံးအကြပါတယ်​။ သူတို့ကို မသိနားမလည်​​အောင်​ လုပ်​ထားရမှာဖြစ်​ပြီး ကျ​နော်​တို့ ပညာတတ်​​တွေ မယုံကြည်​တဲ့ ဘာသာ​ရေးအစွဲ​တွေ အယူအဆမှား​တွေကို ဆက်​လက်​ယုံကြည်​​နေ​အောင်​ အား​ပေးထားရပါမယ်​။ ဒီ လိုစာမျိုးကအသစ်​အဆန်း​တော့မဟုတ်​ပါဘူး။ ချမ်းသာတဲ့ အာဏာပါဝါရှိတဲ့ လူသိုက်​က ရာစုနှစ်​​ပေါင်းများစွာ ဒီသီချင်းကို ဟစ်​​ကြွေးလာတာပါ။ ဒါ​ပေမဲ့ ထူးခြားတာက ရီးစ်​​မော့ဂ်​ ​ထောက်​ပြသလိုပဲ အခုချိန်​မှာ ပထမဆုံးအကြိမ်​အဖြစ်​ သိပ္ပံပညာ ကို ဘာသာ​ရေး ရဲ့ စစ်​ကူအဖြစ်​ ကိုးကားလာတာပါ။

မကြာ​သေးခင်​ကပဲ သီအိုရီရူပ​ဗေဒပညာရှင်​ ​ပေါလ်​​ဒေဗီ ကို ဘာသာ​ရေးတိုးတက်​မှုအတွက်​​ပေးတဲ့ တန်​ပဲလ်​တမ်​ ဆု​ရွေးချယ်​​ရေး က​နေ ​ဒေါ်လာ ​ခြောက်​သိန်းခွဲ ဆု​ပေးလိုက်​ပါတယ်​။ လူသားမျိုးနွယ်​ရဲ့ ဘုရားသခင်​ ဒါမှမဟုတ်​ နာမ်​ပိုင်းဆိုင်​ရာ အ​ပေါ် နားလည်​လာမှုကို တိုးတက်​​စေတဲ့အတွက်​​ကြောင့်​ပါ။ ယခင်​​ဆုရသူ​တွေထဲမှာ အလက်​ဇန်​ဒါ ​ဆောလ်​ဇန်​နစ်​ဆင်​ ၊ မာသာထရီစာ၊ ​ဘေလီ ဂ​ရေဟမ်​၊ နဲ့ ချားလ်​စ်​ ​ကော်​လ်​ဆန်​တို့ပါဝင်​ပါတယ်​။ 'ဘုရားသခင်​နှင့်​ ရူပ​ဗေဒအသစ်​'၊ 'ဘုရားသခင်​၏စိတ်​'၊ နဲ့ '​နောက်​ဆုံးသုံးမိနစ်​တာ' လိုစာအုပ်​မျိုး​တွေရဲ့ စာ​ရေးသူဖြစ်​တဲ့ ​ဒေဗီက 'သူဟာ သမားရိုးကျ အမြင်​အရ ဘာသာ​ရေး ယုံကြည်​သူတ​ယောက်​မဟုတ်​ပါဘူး' ( ဒါကဘာကိုဆိုလိုတာပဲဖြစ်​ဖြစ်​ပါ) ၊ လို့ ဝန်​ခံထားပြီး' သိပ္ပံပညာ ဟာ ဘာသာ​ရေးထက်​စာရင်​ ဘုရားသခင်​ဆီ​ရောက်​ဖို့ပို​သေချာတဲ့ လမ်းဖြစ်​တယ်​' လို့လည်း​ပြောဆိုခဲ့ပါတယ်​။

ဒေဗီက အကယ်​၍ ​တွေ ဒါ​ပေမဲ့ ​တွေ ခံ​နေ​ပေမဲ့လည်း သူဟာ သိပ္ပံပညာ ထဲကို စိတ်​ကူးယဉ်​ဆန်​မှု​တွေနဲ့ ဘာသာ​ရေး​တွေ ထိုးသွင်းဖို့ ကြိုစား​နေတာကထင်​ရှားပါတယ်​။ ဒါကတခုတည်း​သောဖြစ်​ရပ်​မဟုတ်​ပါဘူး။ ဒီလို ဖြစ်​ရပ်​​တွေက အလွန်​များပြားလာပါတယ်​။ အထူးသဖြင့်​ သီအိုရီ ရူပ​ဗေဒနဲ့ စကြာဝဠာ​ဗေဒ ပညာရပ်​နယ်​ပယ်​​တွေမှာပါ။ ဒီပညာရပ်​နှစ်​ခုစလုံးဟာ သချာင်္နည်းနဲ့တွက်​ချက်​ထားတဲ့ ​မော်​ဒယ်​လ်​ ​တွေ​ပေါ်မှာပဲ အမှီပြုလာပါတယ်​။ တကယ့်​ပြင်​ပကမ္ဘာကို လက်​​တွေ့ကျကျ ​လေ့လာမှု​တွေအစား သချာင်္ညီမျှခြင်း​တွေအ​ပေါ်အားထားလာတာပါ။ စိတ်​ကူးယဉ်​ဆန်​တဲ့ အရာ​တွေကို ​လှော်​ခတ်​​ပေး​နေတဲ့ သူ​တွေရှိသလို ဒီပညာရပ်​နယ်​ပယ်​​တွေထဲမှာ ဒီလို အဓိပ္ပါယ်​ ကင်းမဲ့တဲ့ အယူအဆ​တွေနဲ့ တံဆိပ်​ကပ်​ခံလိုက်​ရမှာကို ​ကြောက်​ရွံကြတဲ့ အသိအမြင်​ကြွယ်​တဲ့ သိပ္ပံပညာ ရှင်​​တွေလည်းရှိ​နေပါတယ်​။ ဒါ​ပေမဲ့ ဒီ စိတ်​ကူးယဉ်​ဆန်​တဲ့ နာမ်​ဝါဒကို တိုက်​ခိုက်​မဲ့ တကယ့်​ခံတပ်​က​တော့ အသိအမြင်​ကြွယ်​တဲ့ ရုပ်​ဝါဒဖြစ်​တဲ့ ဒိုင်​ယာလက်​တစ်​ရုပ်​ဝါဒပါပဲ။

ဒီစာအုပ်​ရဲ့ရည်​ရွယ်​ချက်​က​တော့ မာ့က်​စ်​နဲ့ အန်​ဂယ်​ တို့ ပထမဆုံး ထုတ်​​ဖော်​ခဲ့ကြတဲ့ ဒိုင်​ယာလက်​တစ်​ရုပ်​ဝါဒအ​ခြေခံ ​တွေကို ချပြပြီး၊ ဒီအ​တွေးအ​ခေါ်​တွေရဲ့ ​ကျိုး​ကြောင်းညီညွတ်​မှုကို ​ခေတ်​သစ်​ကမ္ဘာနဲ့ သိပ္ပံ ပညာရပ်​နယ်​ပယ်​ဆီ ​ပြသဖို့ပါပဲ။ ကျ​နော်​တို့က ကြား​နေချင်​​ယောင်​မ​ဆောင်​ပါဘူး။ ရီးစ်​​မော့ဂ်​က သူ့လူတန်းစားရဲ့ အကျိုးကိုကာကွယ်​သလိုပဲ၊ ကျ​နော်​တို့ကလည်း "​ဈေးကွက်​စီးပွား​ရေးစနစ်​" ရဲ့ ဆန့်​ကျင်​သူ​တွေအဖြစ်​ရပ်​တည်​မှာဖြစ်​ပါတယ်​။ ကျ​နော်​တို့က လူ့အဖွဲ့အစည်း ရဲ့​အ​ပြောင်းအလဲအတွက်​ တက်​ကြွစွာ ပါဝင်​တိုက်​ခိုက်​သူ​တွေပါ။ ဒါ​ပေမဲ့ ကျ​နော်​တို့ ကမ္ဘာ ကိုမ​ပြောင်းလဲခင်​မှာ ကမ္ဘာ ကိုနားလည်​​အောင်​အရင်​လုပ်​ရပါမယ်​။ လူ့သမိုင်းမစခင်​က တည်​ရှိခဲ့တဲ့ စိတ်​ကူးယဉ်​ဆန်​ဆန်​ ယုံကြည်​မှု​တွေနဲ့ ​လူသား​ယောက်ျား မိန်းမ ​တွေကို စိတ်​ရှုပ်​​ထွေး ​တွေ​ဝေ​အောင်​ ပြုလုပ်​တဲ့ ​ဆောင်​ရွက်​ချက်​​တွေ အားလုံးကို ပြတ်​ပြတ်​သားသား ဆန့်​ကျင်​ကြရမှာပါ။ သိပ္ပံပညာ က ​ရှေးရိုးစွဲအယူအဆ​တွေကို ​ကျောခိုင်းတဲ့အဆင့်​ထိ ​အောင်​မြင်​တိုးတက်​ခဲ့ပြီးပါပြီ။ နာရီကို နှစ်​​လေးရာ​နောက်​ပြန်​ဆွဲချင်​တဲ့ ​ဆောင်​ရွက်​ချက်​​တွေကို ကျ​နော်​တို့က ခိုင်​ခိုင်​မာမာ ဆန့်​ကျင်​ပစ်​ရပါမယ်​။

ယခုလက်​ရှိ ဖြစ်​တည်​​​နေတဲ့ အ​နေအထားအ​ပေါ် ​ကျေနပ်​အားရမှုမရှိကြတဲ့ သိပ္ပံပညာ ရှင်​​တွေများလာပါပြီ။ သိပ္ပံပညာ နဲ့ ပညာ​ရေးမှာမှမဟုတ်​ပါဘူး။ လူမှုအဖွဲ့အစည်းတခုလုံးရဲ့ အ​နေအထားကိုပါ ဘဝင်​မကျ​တော့တာပါ။ သူတို့ဟာ နည်းပညာရဲ့ ကြီးမားတဲ့ တိုးတက်​မှု အလားအလာ​တွေနဲ့ လူသန်း​ပေါင်းများစွာ ငတ်​ပြတ်​​နေတဲ့ ကမ္ဘာ ကြီး ကြားက ကျိုး​ကြောင်းမညီညွတ်​မှုကို ​တွေ့လာကြပါတယ်​။ လက်​ဝါးကြီးအုပ်​ စီးပွား​ရေးလုပ်​ငန်းစုကြီး​တွေက သိပ္ပံပညာ ကို စနစ်​တကျ အလွဲသုံးစားလုပ်​​နေတာ ​တွေ့လာပါတယ်​။ သိပ္ပံပညာ ရှင်​​တွေကို ဘာသာ​ရေးအသုံးချ အသိပညာအ​မှောင်​ချမှု ( ဘာသာ​ရေးအယူအဆများကိုသုံးပြီး လူထုကို ဂျင်းထည့်​ လှည့်​စားခြင်းကို ဆိုလိုပါတယ်​။ သိပ္ပံပညာ ရပ်​ဆိုင်​ရာ​တွေ့ရှိချက်​​တွေကို ဘာသာ​ရေးနဲ့ကိုက်​ညီသ​ယောင်​ ​ပြောဆိုပြီး လူထုကို လှည့်​စားတာပါ။ ။ မူရင်း စာမှာ​တော့ religious obscurantism လို့​ဖော်​ပြပါတယ်​။ ။ ဘာသာပြန်​သူ) ၊ နဲ့ ​တော်​လှန်​​ရေးကိုဆန့်​ကျင်​တဲ့ လူမှု​ရေးရာ ​ပေါ်လစီ​တွေ ချမှတ်​မှု မှာ အသုံးချဖို့ ကြိုးစားလာတာဟာလည်း စိတ်​အ​နှောင့်​အယှက်​ဖြစ်​စရာပါ။ သိပ္ပံပညာ ရှင်​အများစုက စတာလင်​ရဲ့ ဗျူ ရိုကရက်​အာဏာရှင်​စနစ်​​ကြောင့်​ ဒိုင်​ယာလက်​တစ်​ကို လက်​ခံဖို့တွန့်​ဆုတ်​ကြပါတယ်​။ ဒါ​ပေမဲ့ အရင်းရှင်​စနစ်​ကို ​ပြောင်းလိုက်​တာဟာ ပိုလို့​တောင်​ဆိုးဝါးသွားတယ်​ဆိုတာ ဆိုဗီယက်​ယူနီယံ ပြိုကွဲမှုကပြသခဲ့ပြီးပါပြီ။ လူမှု​ရေး၊ စီးပွား​ရေး နဲ့ ယဉ်​​ကျေးမှု ​တွေ ပိတ်​ဆို့ရပ်​တန့်​​နေမှုက​နေ လွတ်​​မြောက်​ဖို့ဆိုရင်​ တခုတည်း​သော နည်းလမ်းဟာ သိပ္ပံပညာ နဲ့ နည်းပညာရပ်​​တွေကို ပုဂ္ဂလိက အကျိးအမြတ်​အတွက်​အသုံးမပြုဘဲ လူသားမျိုးနွယ်​အတွက်​ အသုံးချမဲ့ လက်​​တွေ့ ကျတဲ့ စီမံကိန်းချထားတဲ့ လူမှုစီးပွား​ရေး စနစ်​တခုကို ​ဖော်​​ဆောင်​ရမှာဖြစ်​​ကြောင်း သိပ္ပံပညာ ရှင်​​တွေက သူတို့ရဲ့အ​တွေ့အကြုံ​တွေအရ သိလာကြမှာပါ။ ဒီလို လူမှုအဖွဲ့အစည်းမှာ ဒီမိုက​ရေစီ ဟာ စကားလုံးရဲ့ ပင်​ကိုအဓိပ္ပါယ်​အတိုင်း မှန်​မှန်​ကန်​ကန်​ရှင်​သန်​ရပါမယ်​။ လူထုတရပ်​လုံးရဲ့ ကိုယ်​တိုင်​အသိစိတ်​နဲ့ ဝင်​​ရောက်​ပါဝင်​ ထိန်းကွပ်​မှုလည်းပါဝင်​ရပါမယ်​။ ဆိုရှယ်​လစ်​စနစ်​ဟာ သူ့ရဲ့ပင်​ကိုသဘာဝကိုက ဒီမိုက​ရေစီ နည်းကျပါတယ်​။ ထ​ရော့စကီး ​ထောက်​ပြသလိုပဲ 'နိုင်​ငံပိုင်​ စီမံကိန်းချ စီးပွား​ရေးဟာ လူသားက ​အောက်​စီဂျင်​လိုအပ်​သလိုမျိုး ဒီမိုက​ရေစီကိုလိုအပ်​ပါတယ်​'။

ကမ္ဘာ့ ​ရေးရာပြသနာ​တွေကို ​ဝေဖန်​​ထောက်​ပြ​နေရုံနဲ့မ​လုံ​လောက်​ပါဘူး။ ​ပြောင်းလဲဖို့လိုအပ်​ပါတယ်​။ ဒါ​ပေမဲ့ ပထမဆုံးအ​နေနဲ့ အခုလိုဘာ​ကြောင့်​ဖြစ်​ပျက်​​နေရသလဲဆိုတဲ့ အ​ကြောင်းရင်းကိုသိဖို့လိုအပ်​ပါတယ်​။ မာ့က်​စ်​နဲ့ အန်​ဂယ်​တို့ ​ဖော်​ထုတ်​ခဲ့ပြီး လီနင်​နဲ့ ထ​ရော့စကီး တို့ ဆက်​လက်​ဖွံ့ဖြိုး​စေခဲ့တဲ့ အ​တွေးအ​ခေါ်​တွေကသာ ကျ​နော်​တို့ကို ဒီလိုနားလည်​​စေနိုင်​စွမ်း​ပေးအပ်​မှာပါ။ သိပ္ပံပညာ ရပ်​ဆိုင်​ရာ အသိုင်းအဝန်းက အသိစိတ်​​ဓာတ်​အား​ကောင်းတဲ့သူ​တွေက ရုပ်​ဝါဒ အမြင်​ ​တွေ လိုအပ်​​နေပြီဖြစ်​​ကြောင်း သူတို့ရဲ့အလုပ်​နဲ့အ​တွေ့အကြုံ​တွေက​နေ နားလည်​လာမယ်​လို့ ကျ​နော်​တို့ယုံကြည်​ပါတယ်​။ မကြာ​သေးခင်​ကတိုးတက်​လာတဲ့ ​ခေး​အော့စ်​ နဲ့ ကွန်​ပလက်​စစ်​တီ သီအိုရီ ​တွေက သိပ္ပံပညာ ရှင်​​တွေဟာ ဒိုင်​ယာလက်​တစ်​ရဲ့ ​တွေး​ခေါ်မှု လမ်း​ကြောင်းအတိုင်း လိုက်​လာကြပြီလို့ ​ဖော်​ပြ​နေပါတယ်​။ ဒါက ကြီးမားသိသာတဲ့ တိုးတက်​မှုပါ။ အသစ်​အသစ်​​သော ​လေ့လာ​တွေ့ရှိမှု​တွေက ဒီလမ်း​ကြောင်းကို ပိုမို နက်​ရှိုင်း ခိုင်​မာလာ​စေမယ်​ဆိုတာ ​သေချာပါတယ်​။ ကျ​နော်​တို့က​တော့ ဒိုင်​ယာလက်​တစ်​ရုပ်​ဝါဒဟာ အနာဂတ်​ရဲ့ ဒဿနပညာရပ်​ ဖြစ်​​ကြောင်း အခိုင်​အမာ ​ပြောဆိုလိုက်​ပါတယ်​။

Reason in revolt ကို ဘာသာပြန်​တင်​ဆက်​​ပေး​နေတာပါ။ ဆက်​လက်​ကြိုးစား တင်​ပြပါဦးမယ်​။

လင်းကို