ဘော်ရှီဗစ်ဇင်လား၊ စတာလင်-မော်ဝါဒလား

ဗမာပြည်ကို မာ့(က်စ်)ဝါဒဆိုပြီး စတင်ရောက်ရှိလာကတည်းက genuine မာ့(က်စ်)ဝါဒ မဟုတ်တော့ဘူး။ အဲဒီအချိန်မှာ စတာလင်ခေါင်းဆောင်တဲ့ ဗျူရိုကရေစီက အောက်တိုဘာ တော်လှန်ရေး အစဉ်အလာနဲ့ ဘော်ရှီဗစ် method တွေကို ဖျက်စီးပစ်ထားပြီးပြီ၊ ဒါ့အပြင် လီနင့်ပါတီကို physical destruction ပါ လုပ်ထားပြီးပြီ။

တချက်ပဲကြည့်ပါ။

၁၉၁၇ အောက်တိုဘာ တော်လှန်ရေးကာလက ဘော်ရှီဗစ် ဗဟိုကော်မတီဝင်တွေထဲမှာ စတာလင်ကလွဲလို့ တ‌ယောက်မှ အသက်မရှင်တော့ဘူး။ လီနင်နဲ့အတူ အောက်တိုဘာ တော်လှန်ရေးကို ခေါင်း‌ဆောင်ခဲ့တဲ့ လီယွန် ထရော့စကီးကိုလည်း ၁၉၄၀ မှာ စတာလင် ဗျူရိုကရေစီက နှစ်ကြိမ်တိတိ လုပ်ကြံပြီး ချောင်းမြောင်းသတ်ပစ်ခဲ့တယ်။ ၁၉၂၆ လောက်ကတည်းက လီနင်ရဲ့ ဇနီးလည်းဖြစ်၊ ဘော်ရှီဗစ်ပါတီရဲ့ အရေးကြီး ခေါင်းဆောင်လည်းဖြစ်တဲ့ ကရပ်စကားယာက ပြောခဲ့ဖူးတယ်။ လီနင်သာ သက်ရှိထင်ရှားရှိနေသေးရင်လည်း အခုနေ စတာလင်ဗျူရိုကရေစီရဲ့ ထောင်သွင်းအကျဉ်းချထားတာ ခံနေရလောက်ပြီတဲ့။

ဒီလို ဗျူရိုကရက်တစ် ယိုယွင်းပျက်စီးမှုတွေအောက်က ထွက်လာရတဲ့ Caricature of Marxism ကို မာ့(က်စ်)ဝါဒလို့ မှတ်ယူခဲ့ကြရတယ်။ အောက်တိုဘာ တော်လှန်ရေး အရှိန်ကြောင့် အဲဒီကာလ မာ့(က်စ်)ဝါဒ လိုလားသူ လူငယ်တွေ စတာလင်ဝါဒကို ဘော်ရှီဗစ်ဇင်နဲ့ အမှတ်မှားခဲ့ကြတာ အပြစ်ဆိုလို့ မဖြစ်နိုင်ဘူး။

နမူနာတခုပဲ ပေးပါရစေ။

စတာလင်တ‌ယောက်တည်းရဲ့ လက်ထဲမှာ အာဏာတွေ တစတစ စုပြုံလာမှန်း သဘော‌ပေါက်လာချိန် လီနင့် ကျန်းမာရေးအခြေအနေအရ ပါတီတွင်း အလုပ်လုပ်နိုင်တဲ့ အနေအထား မရှိတော့ဘူး။ ၁၉၂၂ ပါတီ ကွန်ဂရက်အထိပဲ လီနင်ပါဝင်နိုင်တော့တယ်။ ဒါ့ကြောင့် လီနင်က သူမကွယ်လွန်ခင်မှာ သေတမ်းစာ ရေးခဲ့ပါတယ်။ အဲဒီသေတမ်းစာထဲမှာ စတာလင်ကို ပါတီရဲ့ အထွေထွေ အတွင်းရေးမှူး ‌နေရာကနေ ဖယ်ရှားဖို့ တိုက်တွန်းထားတယ်။ ဒါပေမယ့် ၁၉၂၄ မှာ လီနင်ကွယ်လွန်သွားတော့ စတာလင် ဗျူရိုကရေစီဂိုဏ်းက ကရပ်စကားယားရဲ့ တောင်းဆိုချက်ကို ပစ်ပယ်ပြီး လီနင့် သေတမ်းစာကို ပါတီကွန်ဂရက်မှာ မဖတ်ပြခဲ့ပါဘူး။ စတာလင်ကြီးစိုးတဲ့ တလျှောက်လုံး ပါတီဝင်တွေတောင် ဖတ်ခွင့်မရခဲ့ပါဘူး။ ဒီလို အခြေအနေမှာ အဲဒီခေတ် မာ့(က်စ်)ဝါဒ လိုလားတဲ့ လူငယ်တွေ စတာလင်နစ်ဇင်နဲ့ ဘော်ရှီဗစ်ဇင်ကို အတူတူလို့ နားလည်ခဲ့ကြတာ ကျနော်တို့ အပြစ်မမြင်နိုင်ပါဘူး။

ဒါပေမယ့် ဒီကနေ့အချိန်အထိ စတာလင်-မော်ဝါဒ အစဉ်အလာနဲ့ method တွေကို စွဲကိုင်ပြီး တော်လှန်ရေး နာမည်နဲ့ ထင်ရာပြော ထင်ရာလုပ်နေကြတာကိုတော့ အရင်မျိုးဆက်ဟောင်းတွေကို နားလည်ပေးနိုင်သလို နားလည်ပေးလို့ မရနိုင်ပါ။

ဒီလို အစဉ်အလာမှာ အရိုးစွဲနေတဲ့ စတာလင်-‌မော်ဝါဒီ အုပ်စုလေးတွေက ကျနော်တို့ မာ့(က်စ်)ဝါဒီတွေကို တရားသေသမားတွေလို့ မရဲတရဲလေး ပုတ်ခတ်ဆဲရေးတာတော့ အတော်ရယ်စရာကောင်းသား။ မာ့(က်စ်)၊ အန်းဂယ်(စ်)၊ လီနင်၊ ထရော့စကီးတို့ရဲ့ တော်လှန်ရေး သီအိုရီ၊ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒ (Genuine Marxism) ကို အုတ်မြစ်ချပေးဖို့ The Struggle မဂ္ဂဇင်းကို စတင်ထုတ်ဝေချိန်ကလည်း စတာလင်-မော်ဝါဒီ အုပ်စုတခုဖြစ်တဲ့ “ဒီမိုကရေစီသစ်” စာမျက်နှာက ပုံဖျက်ဆဲရေးတာမျိုး လုပ်ခဲ့တယ်။ သူတို့ထုံးစံအတိုင်း ဘယ်စာစောင်က ဘယ်ဆောင်းပါးကို ဝေဖန်နေပါတယ်လို့ မပြောရဲခဲ့ဘူး။ မူရင်းဆောင်းပါးထဲက စာပိုဒ်တွေကို အပြည့်အဝ ကောက်နှုတ်ပြီး မဝေဖန်ရဲခဲ့ဘူး။ အဲဒီလို ကောက်နှုတ်ဖော်ပြလိုက်မယ်ဆိုရင် မူရင်းဆောင်းပါးရဲ့ ဆိုလိုရင်း အမှန်ကို စာဖတ်သူတွေက နားလည်မှာပဲ။ ဒါဆိုရင် သူတို့လိုသလို ဆွဲယူအနက်ကောက်ပြီး ပုံဖျက်ဆဲရေးတာမျိုး လုပ်မရတော့ဘူး။ ဒါပေမယ့် သူတို့ရဲ့ ပုံဖျက်ဆဲရေးမှုကို တုံ့ပြန်ဝေဖန်တဲ့အခါ ကျနော်တို့ဘက်ကတော့ သူတို့ဆောင်းပါးလင့်(ခ်)ကိုပါ ချပေးပြီး ပြည့်ပြည့်စုံစုံ ကောက်နှုတ်ကိုးကားတယ်၊ စာဖတ်သူတွေကိုယ်တိုင် နှစ်ဖက်အယူအဆကို ချင့်ချိန်ကြည့်လို့ရစေတယ်။ ဒါကလည်း မာ့(က်စ်)၊ အန်းဂယ်(စ်)၊ လီနင်၊ ထရော့စကီး ကစလို့ ကျနော်တို့ မာ့(က်စ်)ဝါဒီတွေ တလျှောက်လုံး ကျင်သုံးခဲ့တဲ့ polemic နည်းလမ်းပဲ။ ကွန်မြူနစ်မှန်ရင် အနိမ့်ဆုံးအဆင့်အနေနဲ့ ရိုးသားမှု ရှိကိုရှိရတယ်။

ကိုယ်ဝေဖန်နေတဲ့ ဆောင်းပါး/လက်ရာတခုခုကို နာမည်တောင် မဟရဲဘဲ နောက်ကွယ်က လက်သီးပုန်း ထိုးတာမျိုး လုပ်တာ မာ့(က်စ်)ဝါဒီတွေရဲ့ လုပ်ဟန်မဟုတ်ဘူး။ အဲဒီလို မရိုးမသား လုပ်သူတွေ အများဆုံး ကျူးလွန်လေ့ရှိတဲ့ လော့ဂျစ် အမှားတခု ရှိပါတယ်။ အဲဒီကတော့ straw man ထောင်ပြီး အလဲထိုးတဲ့နည်း။ စပါးခင်းတွေကို ငှက်တွေ လာလာဖျက်စီးတော့ လူကလည်း အမြဲထမခြောက်နိုင်။ အဲဒီအခါ ကောက်ရိုးတွေနဲ့ လူအရုပ်လုပ်၊ လူ့အဝတ်အစားတွေဆင်ပေးပြီး စာခြောက်ရုပ်အဖြစ် ထားလိုက်တယ်။ ငှက်တွေအမြင်မှာ လူလို့ ထင်သွားစေတယ်။ လူအစစ်တော့ မဟုတ်ဘူးပေါ့။ အဲသလိုပဲ၊ အပြန်အလှန်ငြင်းကြတဲ့အခါ တဖက်လူရဲ့ ဆိုလိုရင်း အစစ်အမှန် မဟုတ်တဲ့ဟာကို ဆွဲထုတ်ပြီး ပုံချဲ့ပစ်တယ်။ အဲဒီအပေါ် အခြေခံပြီး တိုက်ခိုက်ထိုးနှက်တာ၊ ပုံဖျက်ဆဲရေးတာ လုပ်ပစ်တယ်။

အထက်မှာပြောခဲ့တဲ့ စတာလင်ဝါဒီ မော်ဝါဒီအုပ်စုတွေက အဲဒီလိုနည်းနဲ့ ကျနော်တို့ မာ့(က်စ်)ဝါဒီတွေကို ပုံဖျက် တိုက်ခိုက်လေ့ရှိတယ်။ ကျနော်တို့ The Struggle မဂ္ဂဇင်းထဲက ဆောင်းပါးကို ပုံဖျက်ဆဲရေးနေပေမယ့် The Struggle မဂ္ဂဇင်း အမှတ်ဘယ့်လောက်ထဲက ဘယ်ဆောင်းပါးကို ဝေဖန်နေတာပါလို့ တခါမှ မဟရဲဘူး။ အဲဒီလို ရိုးရိုးသားသား polemic လုပ်မယ်ဆိုရင်လည်း သူတို့သုံးနေကျ straw man ထောင်ပြီး တိုက်ခိုက်တဲ့နည်းကို သုံးလို့မရတော့ဘူး။ သီအိုရီရေး တိုက်ပွဲကို ရိုးရိုးသားသား မလုပ်နိုင်တဲ့အခါ အခုလို လုပ်လာကြတာပဲ။

အဲဒီလို နည်းနဲ့ ပုံဖျက်ဆဲ‌ရေးကြတဲ့သူတွေ ဘယ်အုပ်စုတွေမှန်း သိပါတယ်။ ဒါပေမယ့် သူတို့ဘယ်လိုပဲ ပုံဖျက်ပုတ်ခတ်နေပါစေ တခါက ရင်းနှီးခဲ့ဖူးတဲ့ ရဲဘော်ဟောင်းတွေလို့ပဲ သဘောထားပါတယ်။ ကျနော်တို့မှာ ရန်သူတွေ လုံလောက်ပြီးသားပါ။ ရန်သူစာရင်း ထပ်မတိုးချင်ပါဘူး။ မိတ်ဟောင်းဆွေဟောင်းတွေလို သဘောထားလို့ တခုတော့ ပြောပါရစေ။ မာ့(က်စ်)ဝါဒီတွေကို ပုံဖျက်တိုက်ခိုက်ချင်ရင် သူတို့ဘာသာပြန်ပေးတာတွေကိုတော့ ကိုယ်ဘာသာပြန်ထားသလို ပုံမှားမရိုက်ကြပါနဲ့။ ကျနော်တို့ ဘာသာပြန်ထားတဲ့ လက်ရာတွေကို စာဖတ်သူတွေ ဖတ်ပြီးသားဖြစ်သလို ခုနှစ်၊ ရက်၊ လနဲ့ အွန်လိုင်းစာမျက်နှာပေါ်၊ International Marxist Tendency ရဲ့ နိုင်ငံတကာ ဝက်(ဘ်)ဆိုက်(ထ်)ပေါ် ရှိနေပြီးသားမို့ ဘယ်ဆောင်းပါးထဲက အပိုဒ်ကို ဘယ်မှာ ပြန်ကူးထားမှန်း ကူးတဲ့သူတွေလည်း သိသလို ကျနော်တို့လည်း သိပါတယ်။ လက်တလုံးခြားလုပ်ဖို့ ဆောင်းပါးအောက်ဆုံးရောက်မှ အင်္ဂလိပ်လို ခေါင်းစဉ်လေးကောက်ရေးထားပေမယ့် ကိုယ်တိုင်မူရင်းရှာဖတ်ပြီး ဘာသာပြန်ထည့်ပေးတာ မဟုတ်လေတော့ မူရင်းခေါင်းစဉ်တွေ မပြည့်မစုံ အလွဲအမှား ဖြစ်နေတာလည်း မြင်နေရတယ်။ စိတ်မကောင်းစရာပဲ၊ ထရော့စကီး ဆောင်းပါး ဘာသာပြန်ထဲက အာဘော်ကို လိုသလို ယူသုံးထားပြီး ထရော့စကီး နာမည်ကိုတောင် မဖော်ပြရဲတာ၊ IMT လို့ပဲ ခပ်လွယ်လွယ်ရောချတာတွေ မလုပ်သင့်ဘူး။ IMT ဆိုတာ လီနင်၊ ထရော့စကီး အစဉ်အလာကို ဆက်သယ်နေတဲ့ နိုင်ငံတကာ အဖွဲ့အစည်းပဲ။ The Struggle ဆိုတာလည်း IMT ရဲ့ အစိတ်အပိုင်းပဲ။

ရန်သူလို သဘောမထားလို့ အကြံပေးနေတာပါ။ ရိုးသားမှု ရှိကြပါ။ ဗမာပြည်က မာ့(က်စ်)ဝါဒီတွေရဲ့ လေဘာကို အသိအမှတ်မပြုချင်ဘူးဆိုလည်း ရပါတယ်၊ ဒါပေမယ့် တိတ်တိတ်ကလေး ငါ့ဟာ လုပ်လိုက်မယ်ဆိုရင် အဲဒါ ခိုးကူးဖြစ်သွားပြီ။ plagiarism တမျိုးပဲ။ ဒါက ကျနော်တို့အပေါ်တင် ကျူးလွန်တဲ့ ပြစ်မှု မဟုတ်ဘူး။ စာဖတ်သူ အပေါ်မှာပါ မရိုးသားတာ၊ သစ္စာမရှိရာရောက်တယ်။ လီနင်ရဲ့ “Where to begin” ထဲက စာကြောင်းတွေကို ကိုယ်လိုရာဆွဲယူပြီး ဘာသာပြန်ထည့်တာမျိုးကလည်း စာဖတ်သူကို လှည့်ဖျားရာရောက်သလို ကွယ်လွန်သွားပြီ ဖြစ်တဲ့ လီနင်ကိုပါ စော်ကားရာရောက်တယ်။ မိတ်ဟောင်းဆွေဟောင်းတွေလို သဘောထားလို့ ဒီလောက်ပဲ အကြံပေးပါရစေ။ ဘယ်စာပိုဒ်က ဘယ်ဘာသာပြန်လက်ရာထဲက ကူးချထားတာ၊ မူရင်းနာမည်ကအစ ဘယ်လို လွဲနေတာတွေ အသေးစိတ် ဖွင့်ထုတ်ပြီး ဝေဖန်ရတဲ့အဆင့် ရောက်ကုန်ရင် ဒီထက်အရှက်ကွဲစရာတွေ ဖြစ်လိမ့်မယ်။ အဲသလိုလည်း ကျနော်တို့ မလုပ်ချင်ပါဘူး။

သဘောတရားရေးနဲ့ ပတ်သက်လို့ ကျနော်တို့ရဲ့ ရေးသားချက်ကို လိုသလိုဆွဲယူ ပုံဖျက်ဆဲရေးထားတဲ့ နောက်တပုဒ်ကိုတော့ ဒီထက်အသေးစိတ် ပြောရလိမ့်မယ်။ အခုနိုဝင်ဘာလထဲမှာ ထွက်ထားတဲ့ စာစောင်တခုထဲမှာပဲ ရှေ့တပုဒ်မှာ ကျနော်တို့ ဘာသာပြန်လက်ရာတွေကို ကိုယ့်ဘာသာပြန်ထားသလိုလို ဖြတ်ညှပ်ကပ် ကူးယူပြီး လုပ်ချင်ရာလုပ်တယ်၊ နောက်တပုဒ်ကျ ကျနော်တို့ The Struggle အတွဲ ၁၊ အမှတ် ၄ မျက်နှာဖုံးဆောင်းပါးကို ပုံဖျက်ဆဲရေးတယ်။

ထုံးစံအတိုင်းပဲ ဘယ်စာစောင်ထဲက ဘယ်ဆောင်းပါးလို့လည်း မညွှန်းရဲပါဘူး။ ‌ယေဘုယျသဘော ပြောနေတာမို့ particular သဘော မညွှန်းတာပါလို့ ဝေ့လည်ကြောင်ပတ် လုပ်ရအောင်ကလည်း ဆောင်းပါးနှစ်ခုကို ယှဉ်ဖတ်ကြည့်ရင် The Struggle အတွဲ ၁၊ အမှတ် ၄ မျက်နှာဖုံးဆောင်းပါးကိုပဲ တည်ပြီး ပုံဖျက်ဆဲရေးနေတာ စာဖတ်တတ်စ ကလေးတောင် သိပါတယ်။ ဒီလို တည့်တည့်ညွှန်းပြီး မဝေဖန်ရဲတာကိုက စာဖတ်သူရှေ့မှာ ကိုယ့်အယူအဆကို မှတ်‌ကျောက်အတင်မခံနိုင်လို့ပဲ။ အနိမ့်ဆုံးအဆင့် ရှိသင့်တဲ့ ရိုးသားမှုလေးကို မရှိဘူးဆိုတာ ပြနေတယ်။ ဒီလိုဖုံးထားမှပဲ သုံးနေကျ မဲပြာပုဆိုးနည်းဟောင်းကြီး straw man ထောင် တိုက်ခိုက်တာမျိုး လုပ်လို့ရမှာကိုး။

ကျနော်တို့ မာ့(က်စ်)ဝါဒီတွေအနေနဲ့ ဒီလိုနည်းလမ်းမျိုးနဲ့ polemic မလုပ်ဘူး။ ရန်သူကို ဝေဖန်ရင်တောင် ရိုးသားမှုအပြည့်နဲ့ ဝေဖန်တိုက်ခိုက်တာပဲ လုပ်တယ်။ ဒါ့ကြောင့် ရိုးသားမှုအခြေခံနဲ့ ပွင့်ပွင့်လင်းလင်းပဲ polemic လုပ်ပါတယ်။

၂၀၂၂ ခုနှစ် နိုဝင်ဘာ နောက်ဆုံးပတ်ထဲမှာ ထွက်လာတဲ့ ဆိုရှယ်ဒီမိုကရက် စာစောင်ထဲက လင်းထည်အောင် ကလောင်ရဲ့ ‘တော်လှန်သော အကောင်းမြင်ဝါဒ’ ဆောင်းပါးကို တုံ့ပြန်ဝေဖန်ပါမယ်။ အထက်မှာ ဆိုခဲ့သလိုပဲ စတာလင်ဝါဒီ ‌မော်ဝါဒီ အုပ်စုတွေရဲ့ ထုံးစံအတိုင်း The Struggle အတွဲ ၁၊ အမှတ် ၄ မျက်နှာဖုံးဆောင်းပါး ‘မာ့(က်စ်)ဝါဒနဲ့ လက်နက်ကိုင် တော်လှန်ရေးပြဿနာ’ကို ပြောနေတာပါလို့ မဖော်ပြရဲဘူး။ ကျနော်တို့ ဘယ်လိုရေးခဲ့သလဲ၊ သူတို့ဘယ်လို ပုံဖျက်သလဲ မြင်သာအောင် ကောက်နှုတ်ဖော်ပြပေးပါမယ်။ ‘မာ့(က်စ်)ဝါဒနဲ့ လက်နက်ကိုင် တော်လှန်ရေးပြဿနာ’ ဆောင်းပါးမှာ -

“...စုစည်းထားသော အလုပ်သမား လှုပ်ရှားမှုက ခေါင်းဆောင်မှုနေရာကို ကနဦး ရယူထားနိုင်ရမယ်

တဦးချင်း လုပ်ကြံသတ်ဖြတ်ရေးဝါဒကို ကျနော်တို့ မာ့(က်စ်)ဝါဒီတွေ ဆန့်ကျင်ကြတယ်။ ဒါပေမယ့် ကျနော်တို့ ဟာ အကြမ်းမဖက်ရေးကိုပဲ တရားသေ ဖက်တွယ်ထားတဲ့ ရွှေပြည်အေးဝါဒီတွေ မဟုတ်ဘူး။ တဦးချင်း လုပ်ကြံ သတ်ဖြတ်ရေးဝါဒဟာ သူရည်ရွယ်ရာနဲ့ ဆန့်ကျင်ဖက် အကျိုးသက်ရောက်မှုကိုပဲ ဖြစ်စေသလို ရွှေပြည်အေးဝါဒဟာလည်း သူရည်ရွယ်ရာနဲ့ ဆန့်ကျင်ဖက် အကျိုးသက်ရောက်မှုကိုပဲ ဖြစ်စေတယ်။ ရန်သူလူတန်းစားက အကြမ်းဖက် သတ်ဖြတ်နေချိန်မှာ အကြမ်းမဖက်ရေးနည်းကိုပဲ တရားသေဖက်တွယ်ထားခြင်းဟာ ကိုယ့်ဖက်က အင်အားချိနဲ့မှုကို ထုတ်ပြရာရောက်တယ်။ ဒီလို အင်အားချိနဲ့မှုကို ထုတ်ပြလေ ရန်သူ့ဘက်က အတင့်ရဲ သတ်ဖြတ်လေပဲ။ မာ့(က်စ်)ဝါဒီတွေဟာ အုပ်စိုးသူ လူတန်းစားနဲ့ လက်ပါးစေတွေ ပုံဖော်လေ့ရှိသလို အကြမ်းဖက်မှုကို အလိုရှိသူတွေ မဟုတ်ကြပါဘူး၊ ဒါပေမယ့် သမိုင်းကို လက်တွေ့ကျကျ သိမြင်နားလည်ထားသူတွေ ဖြစ်တယ်။ သမိုင်းမှာ ဘယ်အုပ်စိုးသူ လူတန်းစားကမှ ဝေဿန္တရာလို အာဏာကို ရေစက်ချ ပေးဝေရိုးထုံးစံ မရှိဘူး။ သူတို့ရဲ့ အခွင့်ထူးတွေ၊ အာဏာတွေကို အကြမ်းဖက် ခုခံကြမြဲဖြစ်တယ်။ ဒါ့ကြောင့်လည်း “အင်အားဟာ လူ့အဖွဲ့အစည်းအသစ် သန္ဓေကို လွယ်ထားတဲ့ လူ့အဖွဲ့အစည်းဟောင်းကို ကူညီမွေးဖွားပေးရသော သားဖွားလက်သည်ဖြစ်တယ်” လို့ မာ့(က်စ်)က ဆိုခဲ့ခြင်းဖြစ်တယ်။ သို့သော် လူထု လှုပ်ရှားမှု မရှိသေးချိန် ဒါမှမဟုတ် လူထု အရေးတော်ပုံ ပြိုကွဲသွားချိန်မျိုးမှာ လူထု လှုပ်ရှားမှုနဲ့ သီးခြားကင်းလွတ်ပြီး သီးသန့်တည်ရှိနေတဲ့ AS ပုံစံ ဖော်ဆောင်ရေး အယူအဆဟာ လုံးဝ မှားတယ်။”

 

“စုစည်းထားသော အလုပ်သမား လှုပ်ရှားမှုက ခေါင်းဆောင်မှုနေရာကို ကနဦး ရယူထားနိုင်ရမယ်၊ ဒီအလားအလာ ကို ၂၀၂၁ နွေဦး တော်လှန်ရေး အားကောင်းချိန် အစောပိုင်းလတွေမှာ မြင်တွေ့ခဲ့ရတယ်။ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း စည်းရုံးစုစည်းထားနိုင်ခဲ့တဲ့ အလုပ်သမား လူတန်းစားက တပ်ဦးကနေ ထွက်တိုက်ခဲ့တယ်။ ကျန်အဖိနှိပ်ခံ လူထုကြီးကို လမ်းမထက် လူထု လှုပ်ရှားမှုထဲ ပါဝင်လာအောင် တပ်လှန့်ပေးနိုင်ခဲ့တယ်။ ဒါပေမယ့် အလုပ်သမား အဖွဲ့အစည်း ခေါင်းဆောင်ပိုင်း နေရာယူထားသူတွေကိုယ်တိုင်က ဘူဇွာ လစ်ဘရယ်တွေရဲ့ နောက်မြီးဆွဲသာ လုပ်ခဲ့ကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သပိတ်စစ်ကြောင်းတွေ ချီတက်ရင်း စုဖွဲ့မှုတွေ မြင်တွေ့ခဲ့ရတယ်။ တခွင်တပြင်လုံး အတိုင်းအတာနဲ့ ကျယ်ပြန့်တဲ့၊ ခိုင်မာအားကောင်းတဲ့ အဆင့်အထိ မရောက်ခဲ့ဘူး။ တပြည်လုံး အတိုင်းအတာနဲ့ တိုက်ပွဲထဲက ထွက်ပေါ်လာသော democratic structure တခု မတည်ဆောက်နိုင်ခဲ့ဘူး။ ဒီလို တည်ဆောက်ဖို့ လမ်းကြောင်းကို ကျနော်တို့ မာ့(က်စ်)ဝါဒီတွေ အစွမ်းကုန် ကြိုးစားပြီး ဖော်ထုတ်ခဲ့တယ်။ ဒါပေမယ့် မာ့(က်စ်)ဝါဒီ ကေဒါအရေအတွက်ဟာ အင်မတန် နည်းပါးခဲ့တယ်။ အရည်အသွေးပြည့်ဝသော မာ့(က်စ်)ဝါဒီ ကေဒါတွေ အရေအတွက် အလုံအလောက်ရှိတဲ့ အလုပ်သမား လူတန်းစား ပါတီကြီးတခုသာ အော်တာနေးတစ် အနေနဲ့ရှိခဲ့ရင် အခြေအနေဟာ လုံးဝခြားနားခဲ့လိမ့်မယ်။ အလုပ်ခွင်တိုင်းမှာ၊ ရပ်ကွက်တွေမှာ အောက်ခြေ တိုက်ပွဲဝင် လူထုထဲကနေ ဒီမိုကရေစီနည်းကျ ရွေးကောက်ဖွဲ့စည်းထားတဲ့ သပိတ်ကော်မတီတွေ၊ တိုက်ပွဲ ဦးဆောင်ကော်မတီတွေ ပေါ်ပေါက်လာအောင် စုစည်းနိုင်မယ်၊​ ဒီလို ဒီမိုကရေစီနည်းကျ ရွေးကောက် ဖွဲ့စည်းထားတဲ့ သပိတ်ကော်မတီတွေ၊​ တိုက်ပွဲ ဦးဆောင်ကော်မတီတွေကို မြို့နယ်အဆင့်ကနေ ပြည်နယ်အဆင့်၊ ဒီကနေ တပြည်လုံးအဆင့်အထိ ခိုင်မာအားကောင်းအောင် စုစည်းသွားနိုင်မယ်။ တချိန်တည်းမှာပဲ ဒီလို တိုက်ပွဲကြားက ထွက်ပေါ်လာတဲ့ တော်လှန်ရေး ခေါင်းဆောင်မှုအောက်မှာ အလုပ်သမား၊ လယ်သမားနဲ့ လူငယ်ထုကိုယ်တိုင် ခုခံကာကွယ်ရေး အင်အားကို တခွင်တပြင်လုံး အတိုင်းအတာနဲ့ ပြင်ဆင်ထားနိုင်မယ်။ ဒါ့ကြောင့် AS ဟာ အလုပ်သမား လူတန်းစား ခေါင်းဆောင် လှုပ်ရှားတဲ့ ဒီလို လူထုတိုက်ပွဲရဲ့ အတွင်းသား အစိတ်အပိုင်းတခုသာ ဖြစ်ရမယ်၊ လူထု အရေးတော်ပုံနဲ့ ကင်းလွတ်နေတဲ့ ‘the whole’ မဖြစ်ရဘူး။”

(The Struggle မဂ္ဂဇင်း အတွဲ ၁၊ အမှတ် ၄၊ မေ/ဇွန် ၂၀၂၂)

ဒီစာပိုဒ်တွေကို ဘယ်လိုပုံဖော်လိုက်သလဲဆိုတော့ ‘တော်လှန်သော အကောင်းမြင်ဝါဒ’ ဆောင်းပါးမှာ -

“...တချို့တွေရဲ့ အယူအဆဟာ မမှန်ဘူး။ လက်ရှိကျနော်တို့ ဆင်နွှဲနေတဲ့ လက်နက်ကိုင် တော်လှန်ရေးဟာ လူတန်းစား အမျိုးမျိုးရှိတဲ့အနက် အတိုးတက်ဆုံး လူတန်းစားဖြစ်တဲ့ ပစ္စည်းမဲ့ လူတန်းစားနဲ့ ကင်းကွာနေတဲ့ တော်လှန်ရေးဖြစ်တယ်လို့ ဆိုကြတယ်။ သူတို့ရဲ့ အဆိုက ကျနော်တို့ဟာ လက်နက်ကိုင် တော်လှန်ရေးကို လူထု လှုပ်ရှားမှုကြီးရဲ့ အတွင်းသား အနှစ်ပိုင်း ဖြစ်လာစေရမယ့်အစား၊ လူထုလှုပ်ရှားမှုနဲ့ ကင်းလွတ်နေတဲ့ တိုက်ပွဲ ပုံစံတခုအဖြစ် ပုံဖော်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီလို တရားသေကျတဲ့ [sic] အမြင်က မှန်နိုင်စရာ မရှိဘူး။ …”

စာဖတ်သူတွေကိုယ်တိုင် နှိုင်းယှဉ်သုံးသပ်လို့ရအောင် အခုလို ရှည်ရှည်လျားလျား ကောက်နှုတ်ဖော်ပြလိုက်တာပါ။ The Struggle မဂ္ဂဇင်း မျက်နှာဖုံးဆောင်းပါး အာဘော်က ကျနော် ပြန်ရေးပြစရာမလိုအောင် ရှင်းပါတယ်။ မာ့(က်စ်)ဝါဒ အမြင်တွေကို ပြန်လည်ဖော်ထုတ်ထားတာပါပဲ။ မာ့(က်စ်)ဝါဒရဲ့ fundamental idea တွေကို ရေးထားတာပဲ။ “ဒါ့ကြောင့် AS ဟာ အလုပ်သမား လူတန်းစား ခေါင်းဆောင် လှုပ်ရှားတဲ့ ဒီလို လူထုတိုက်ပွဲရဲ့ အတွင်းသား အစိတ်အပိုင်းတခုသာ ဖြစ်ရမယ်၊ လူထု အရေးတော်ပုံနဲ့ ကင်းလွတ်နေတဲ့ ‘the whole’ မဖြစ်ရဘူး”  ဆိုတဲ့ သုံးသပ်ချက်က လီနင့်အယူအဆနဲ့ တထပ်တည်းပဲ။ ၁၉၀၅ ရုရှား ပထမ တော်လှန်ရေး အမြင့်ဆုံးအဆင့်ရောက်ပြီးနောက်ပိုင်း ၁၉၀၆ ခုနှစ်ထဲမှာ လီနင်ရေးခဲ့တဲ့ Guerrilla Warfare ဆောင်းပါးထဲမှာ -

“… Such is the principal background of the picture. Against this background there stands out—unquestionably as something partial, secondary and auxiliary—the phenomenon to the study and assessment of which the present article is devoted. What is this phenomenon? What are its forms? What are its causes? When did it arise and how far has it spread? What is its significance in the general course of the revolution? What is its relation to the struggle of the working class organised and led by Social-Democracy? Such   are the questions which we must now proceed to examine after having sketched the general background of the picture.

The phenomenon in which we are interested is the armed struggle. (V.I. Lenin, Guerilla Warfare, Vol. 11, Collected Works)

စတာလင်-မော်ဝါဒီတွေအဖို့တော့ လက်နက်ကိုင်တိုက်ပွဲကအဓိက၊ ကျန်တာက အရံ။ လီနင်အမြင်က သူတို့နဲ့ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်ဖက်၊ AS ဆိုတာ partial, secondary and auxiliary ဖြစ်တယ်ဆိုတာ မေးခွန်းထုတ်စရာမလိုအောင် ရှင်းပြီးသားလို့ အတိအလင်း ရေးထားတယ်။ အဲဒီလို AS တိုက်ပွဲပုံစံကို အဓိကထားကျင့်သုံးတဲ့၊ AS တိုက်ပွဲပုံစံတမျိုးတည်းကိုပဲ exclusive form အနေနဲ့ ကျင့်သုံးကြတဲ့ လူမှုအစိတ်အပိုင်းတွေကို လီနင်က အဲဒီဆောင်းပါးမှာပဲ အခုလို ဖော်ပြခဲ့သေးတယ်။

“This form of struggle was adopted as the preferable and even exclusive form of social struggle by the vagabond elements of the population, the lumpen proletariat and anarchist groups.” (Ibid)

ကလေကချေတွေ၊ လန်ပန်ပစ္စည်းမဲ့တွေနဲ့ အန်နားခစ်အုပ်စုတွေက AS တိုက်ပွဲပုံစံကို အဓိကထား ကျင့်သုံးကြတယ်၊ သူတမျိုးတည်းကိုပဲ လူတန်းစား တိုက်ပွဲပုံစံအနေနဲ့ ကျင့်သုံးချင်တယ်။ ဒါ့ကြောင့် စတာလင်-မော်ဝါဒီတွေ အမြဲကြွေးကြော်တဲ့ လက်နက်ကိုင်တိုက်ပွဲကအဓိက၊ ကျန်တာက သူ့လက်အောက်ခံဆိုတာ မာ့(က်စ်)၊ လီနင်ဝါဒနဲ့ ဘာမှမဆိုင်ဘူး။

အလုပ်သမား လူတန်းစား ပါတီအနေနဲ့ ပြောက်ကျားစစ် တမျိုးတည်းကိုပဲ အသိအမှတ်ပြုလို့ မဖြစ်သလို ပြောက်ကျားစစ်ကို အဓိကတိုက်ပွဲနည်းလမ်းအနေနဲ့တောင် ဘယ်သောအခါမှ အသိအမှတ် မပြုနိုင်ဘူးလို့ လီနင်က ဆိုထားသေးတယ်။ လက်နက်ကိုင် တိုက်ပွဲပုံစံကို တခြားတိုက်ပွဲပုံစံတွေရဲ့ လက်အောက်ခံအဖြစ် ထားရမယ်၊ လူတန်းစား တိုက်ပွဲရဲ့ အဓိက နည်းလမ်းတွေနဲ့ ဟန်ချက်ညီနေရမယ်၊ ဆိုရှယ်လစ်ဇင်ရဲ့  လမ်းပြ စုစည်းပေးမှုအောက်မှာ ရှိနေရမယ်လို့ ပြောက်ကျားစစ် ဆောင်းပါးမှာပဲ လီနင်ရေးခဲ့တယ်။ ဒါ့ကြောင့် “မာ့(က်စ်)ဝါဒနဲ့ လက်နက်ကိုင် တော်လှန်ရေး ပြဿနာ” ‌ဆောင်းပါးမှာ ကျနော်တို့ရေးခဲ့တဲ့ “စုစည်းထားသော အလုပ်သမား လှုပ်ရှားမှုက ခေါင်းဆောင်မှုနေရာကို ကနဦး ရယူထားနိုင်ရမယ်” ဆိုတဲ့သဘောတရားက မာ့(က်စ်)၊ လီနင်ဝါဒရဲ့ အခြေခံသဘောတရားပဲ။

“It is said that guerrilla warfare brings the class-conscious proletarians into close association with degraded, drunken riff-raff. That is true. But it only means that the party of the proletariat can never regard guerrilla warfare as the only, or even as the chief, method of struggle; it means that this method must be subordinated to other methods, that it must be commensurate with the chief methods of warfare, and must be ennobled by the enlightening and organising influence of socialism. And without this latter condition, all, positively all, methods of struggle in bourgeois society bring the proletariat into close association with the various non-proletarian strata above and below it and, if left to the spontaneous course of events, become frayed, corrupted and prostituted. (V.I. Lenin, Guerilla Warfare, Vol. 11, Collected Works)

ဒါကြောင့် မာ့(က်စ်)ဝါဒ အခြေခံသဘောတရားတွေ ဆွဲထုတ်ပြီး ရေးထားတဲ့ ကျနော်တို့ဆောင်းပါးကို “တရားသေကျတဲ့အမြင်”လို့ စတာလင်ဝါဒီ-မော်ဝါဒီတွေက စွပ်စွဲထားတာ ထူးတော့ မထူးဆန်းဘူး။ သိပ္ပံနည်းကျ ဆိုရှယ်လစ်ဝါဒအရ ခေတ်သစ် အရင်းရှင် လူ့အဖွဲ့အစည်းမှာ ခေတ်ပြောင်းတော်လှန်ရေးတရပ်ကို ဉီးဆောင်ဆင်နွှဲနိုင်တာ ခေတ်သစ် အလုပ်သမား လူတန်းစားပဲ ဖြစ်တယ်။ အလုပ်သမား လူတန်းစားက တော်လှန်ရေးရဲ့ တပ်ဉီး လူတန်းစား ဖြစ်တယ်။ ၁၉၁၇ မဟာအောက်တိုဘာ ဆိုရှယ်လစ် တော်လှန်ရေးကြီးက မာ့(က်စ်)ဝါဒရဲ့ ဒီအခြေခံသဘောတရားကို လက်တွေ့ သမိုင်းသက်သေပြခဲ့ပြီးပြီ။

ဗမာပြည်မှာ အလုပ်သမား လူတန်းစားက အရေအတွက်အားဖြင့် နည်းသေးတယ်လို့ မော်ဝါဒီအုပ်စုတွေက ဆင်ခြေပေးတတ်ကြတယ်။ ရုရှား အောက်တိုဘာ တော်လှန်ရေးကြီးကို ဉီးဆောင်ခဲ့တဲ့ အလုပ်သမား လူတန်းစားကရော အရေအတွက် အချိုးအစားအားဖြင့် ဘယ့်လောက်များခဲ့လို့လဲ။ လူဉီးရေ သန်း ၁၅၀ ကျော်ရှိတဲ့ လယ်သမားထုက လူဉီးရေစုစုပေါင်းရဲ့ ၈၀%ကျော်ရှိခဲ့တဲ့ backward တိုင်းပြည်တခုမှာ စက်မှု အလုပ်သမား လူတန်းစားက ၄သန်းလောက်ပဲ ရှိခဲ့တယ်။ ကဏ္ဍပေါင်းစုံ အလုပ်သမားထုတရပ်လုံးပေါင်းလို့ လူဦးရေစုစုပေါင်းရဲ့ ၁၀%မရှိခဲ့ဘူး။ ဒါပေမယ့် လီနင်၊ ထရော့စကီးတို့က ရုရှား တော်လှန်ရေးရဲ့ တပ်ဦးလူတန်းစားဟာ အလုပ်သမား လူတန်းစားပဲလို့ မာ့(က်စ်)ဝါဒီတွေပီပီ ယုံကြည်ခဲ့ကြတယ်။ ဒီလိုယုံကြည်မှုဟာလည်း sentimental သက်သက် မဟုတ်ဘူး။ အလုပ်သမားထုက အရေအတွက်များလို့၊ အထုအထောင်း အဖိနှိပ်ခံရတာသက်သက်ကြောင့် တော်လှန်ရေး ခေါင်းဆောင်လူတန်းစားအဖြစ် သဘောထားတာ မဟုတ်ဘူး။ လူ့အဖွဲ့အစည်းအတွင်း၊ ကုန်ထုတ်ဖြစ်စဉ်အတွင်း ရောက်ရှိနေတဲ့ အလုပ်သမား လူတန်းစားရဲ့ အနေအထားကြောင့် သိပ္ပံနည်းကျ ထွက်ပေါ်လာတဲ့ အယူအဆပဲ။ ဒီအယူအဆ မှန်ကန်ကြောင်း ၁၉၁၇ မှာ အောက်တိုဘာ ဆိုရှယ်လစ် တော်လှန်ရေးကြီးက သက်သေပဲ။ ဒါကို ချေဖျက်နိုင်ရင် ကျနော်တို့ကို “တရားသေကျတယ်”လို့ ပုတ်ခတ်ဆဲရေးတာ ပျော်ပျော်ကြီး လက်ခံလိုက်ပါမယ်။ မငြင်းနိုင်ဘူးဆိုရင်တော့ တရားသေကျတာ၊ မာ့(က်စ်)ဝါဒ နာမည်နဲ့ မာ့(က်စ်)ဝါဒကို အတွင်းက ဖျက်စီးနေတာ ဘယ်သူတွေလဲ ရှင်းသွားပါလိမ့်မယ်။

အလုပ်သမား လူတန်းစားကို ခေတ်ပြောင်းတော်လှန်ရေးရဲ့ ခေါင်းဆောင် လူတန်းစားလို့ ပြောတာဟာ ဆင်းရဲ လယ်သမားထုနဲ့ အခြားသော ပက်တီးဘူဇွာ အလွှာတချို့ရဲ့ တော်လှန်ရေး အခန်းကဏ္ဍကို ပစ်ပယ်တာ မဟုတ်ဘူးဆိုတာတော့ ရှင်းပါလိမ့်မယ်။ မာ့(က်စ်)၊ အန်းဂယ်(စ်)၊ လီနင်၊ ထရော့စကီးကစလို့ ဘယ်ဘော်ရှီဗစ်ကမှ အဲသလို မပြောခဲ့ဖူးဘူး။ ဆိုရှယ်လစ် ရက်ဗလူရှင်နရီဆိုတဲ့ ပက်တီးဘူဇွာ ပါတီတခုရဲ့ ခေါင်းဆောင်မှုနောက် လိုက်နေတဲ့ ရုရှား ဆင်းရဲလယ်သမားထုကြီးကို ဆိုရှယ်လစ် တော်လှန်ရေးဘက်ပါလာအောင် ဦးဆောင်နိုင်ခဲ့တာဟာ ဘော်ရှီဗစ်ပါတီက အလုပ်သမား လူတန်းစားကြား အမြစ်တွယ်ထားနိုင်တဲ့ အလုပ်သမား လူတန်းစား တပ်ဦးပါတီ ဖြစ်နေလို့ပဲ။

စတာလင်ဝါဒီ-မော်ဝါဒီ အုပ်စုလေးတွေကတော့ အခုလိုဆိုထားသေးတယ် “ကျနော်တို့ ထပ်ချည်းတလဲလဲ ပြောခဲ့တဲ့ အချက်က လက်ရှိတော်လှန်ရေးရော၊ ကျနော်တို့ တည်ဆောက်ရမယ့် တပ်ပေါင်းစုကပါ လူတန်းစား အမြင်တရပ်ရပ် (အထူးသဖြင့် ပစ္စည်းမဲ့ လူတန်းစားအမြင်)ကို ကိုယ်စားပြုထားပြီး တည်ဆောက်လို့ မရနိုင်ဘူး။ ဆိုလိုတာက လက်ရှိတော်လှန်ရေးဟာ ပစ္စည်းမဲ့ လူတန်းစား၊ ပစ္စည်းမဲ့တပိုင်း လူတန်းစား၊ လယ်သမား လူတန်းစား၊ ဓနရှင်ပေါက်စ လူတန်းစားနဲ့ တော်လှန်တဲ့ အမျိုးသားဓနရှင် လူတန်းစား အချို့ ပူးပေါင်းထားတဲ့ တပြည်လုံးအဆင့် လွတ်မြောက်ရေးတိုက်ပွဲဖြစ်တယ်။ အလားတူပဲ ဒီလွတ်မြောက်ရေး တိုက်ပွဲမှာ ဦးဆောင်ဖို့ အတွက် ကျနော်တို့ တည်ဆောက်နေတဲ့ တပ်ဦးကလည်း လူတန်းစားတရပ်ရပ်ကိုပဲ ကိုယ်စားပြုတဲ့ နိုင်ငံရေး အမြင် ရှိနိုင်မှာ မဟုတ်ဘူး။”

လင်းထည်အောင် ကလောင်နာမည်နဲ့ ရေးထားတဲ့ ‘တော်လှန်ရေး အကောင်းမြင်ဝါဒ’ ဆောင်းပါးမှာပဲ ဆက်ဆိုထားသေးတယ် -

“ဒီလိုဆိုလိုက်တဲ့အတွက် ကျနော်တို့ဟာ အလုပ်သမား လူတန်းစားရဲ့ တိုးတက်တဲ့ ခေါင်းဆောင်မှုကို ပစ်ပယ်သလား၊ မပစ်ပယ်ဘူးလို့ပဲ ငြင်းချက်ထုတ်ရပါလိမ့်မယ်။ ကျနော်တို့ဟာ မာ့(က်စ်)ဝါဒီတွေ ဖြစ်ကြတယ်။ [sic] ဒါ့ကြောင့် အလုပ်သမား လူတန်းစားရဲ့ တိုးတက်တဲ့ ခေါင်းဆောင်မှုကို ကျနော်တို့ မငြင်းဘူး။ [စကားလုံးအားဖြင့် မငြင်းဘူး၊ လက်တွေ့အားဖြင့် ပြဒါးတလမ်း သံတလမ်း] ဒါပေမယ့် အလုပ်သမား လူတန်းစား လွတ်မြောက်ရေးအတွက် ရှည်ကြာတဲ့ တစုံတရာသော သမိုင်းကာလတခုကို စောင့်ဆိုင်းရလိမ့်ဦးမယ်။ [ဘယ့်လောက်ကြာမှန်း မသိတဲ့ အဲဒီကာလအထိတော့ အလုပ်သမား လူတန်းစား လွတ်မြောက်ရေး ပြောလို့ မရသေးဘူး] လက်ရှိတော်လှန်ရေးဟာ အလုပ်သမား လူတန်းစား ခေါင်းဆောင်မှုကို တည်ဆောက်ဖို့ လိုအပ်နေတယ်။ ဒါအမှန်ပဲ။ တချိန်တည်းမှာ အလုပ်သမား ဒီမိုကရေစီထက် တဆင့်နိမ့်တဲ့[sic] ဒီမိုကရေစီသဏ္ဍန်တခုကို ဖြတ်ကျော်ဖို့လည်း လက်တွေ့အခြေအနေတွေက တောင်းဆိုနေတယ်။ ဒါ့ကြောင့် လူတန်းစားပေါင်းစုံ ပါဝင်တဲ့ တော်လှန်ရေး တပ်ဦးတခု တည်ဆောက်ဖို့ ကျနော်တို့ ကြိုးပမ်းနေတာ ဖြစ်တယ်။”

ရုရှား တော်လှန်ရေးသမိုင်းကို အသေအချာ လေ့လာဖူးသူဆိုရင် မင်ရှီဗစ်တွေရဲ့ two stage သဘောတရားကို ချက်ချင်းအမှတ်ရလိမ့်မယ်။ နောင်အခါ အတိအကျဆိုရရင် လီနင်ကွယ်လွန်ပြီး လပိုင်းအတွင်းမှာပဲ မင်ရှီဗစ် two stage သဘောတရားကို စတာလင်က ပြန်ဖော်ထုတ်လာခဲ့တယ်။ စတာလင်ဗျူရိုကရေစီက တရုတ်ပြည်ကိုလည်း ဒီတရားသေအမြင်အတိုင်း အကောင်အထည်ဖော်စေတယ်။ မင်ရှီဗစ်၊ စတာလင်-မော်ဝါဒီတွေရဲ့ two stage သဘောတရားအရဆိုရင် ၁၉၁၇ အောက်တိုဘာ ဆိုရှယ်လစ် တော်လှန်ရေးဟာ မဖြစ်လာသင့်သေးဘူး။ အခြေအနေ မပြည့်စုံသေးဘူးလို့ ယူဆကြတယ်။ ရုရှားဟာ ဇာဘုရင်အုပ်စိုးတဲ့ ပ‌ဒေသရာဇ်စနစ် လက်ကျန်ရှိနေသေးတဲ့၊ ဗြိတိန် ပြင်သစ် အမေရိကန်တို့လို advanced capitalist တိုင်းပြည်မဟုတ်သေးလို့ အလုပ်သမား လူတန်းစားကလည်း လက်တဆုပ်စာပဲ ရှိသေးလို့ လာမယ့် တော်လှန်ရေးမှာ အလုပ်သမား လူတန်းစားက ခေါင်းဆောင်နေရာ ယူလို့ မဖြစ်သေးဘူး။ ဘူဇွာ ဒီမိုကရေစီ တော်လှန်ရေးမှာ လစ်ဘရယ် ဘူဇွာတွေကို ထောက်ခံပေးရမယ့် တာဝန်ရှိတယ်လို့ ဆိုတယ်။

အပေါ်က ကောက်စာမှာတော့ ဘူဇွာ ဒီမိုကရေစီလို့ နာမည်မတပ်ရဲတော့ “အလုပ်သမား ဒီမိုကရေစီထက် တဆင့်နိမ့်တဲ့ ဒီမိုကရေစီသဏ္ဍန်တခု”လို့ ဘူးလုံးနားမထွင်း ဆိုထားတယ်။ လီနင်တို့ ဘော်ရှီဗစ်တွေ အလုပ်သမား လူတန်းစား ခေါင်းဆောင်မှုနဲ့ အောက်တိုဘာ တော်လှန်ရေးဆင်နွှဲပြီး workers’ democracy ထူထောင်ခဲ့တာ အကြီးအကျယ် မှားတာပဲလို့ ပြောနေသလိုပဲ။ “အလုပ်သမား ဒီမိုကရေစီထက် တဆင့်နိမ့်တဲ့ ဒီမိုကရေစီသဏ္ဍန်တခု” ဆိုတာ ဘူဇွာ ဒီမိုကရေစီကလွဲလို့ ဘာများရှိသေးသလဲ။ ကျနော်တို့ မာ့(က်စ်)ဝါဒီတွေက စကားလုံးတွေနဲ့ ကစားတာ မလုပ်တတ်ကြဘူး၊ ရိုးရိုးသားသားနဲ့ ဗြောင်ပဲ ပြောတတ်ကြတယ်။ နိုင်ငံတော်တခုရဲ့ class nature က အလုပ်သမား လူတန်းစား လက္ခဏာ မဖြစ်ရဘူးဆိုရင် ဘူဇွာ လူတန်းစား လက္ခဏာပဲပေါ့။ တခြားဘာဖြစ်နိုင်ဦးမှာလဲ။ မော်ကတော့ ဒီမိုကရေစီသစ်ဆိုပြီး နာမည်တပ်တယ်။ နာမည်တွေပြောင်းလိုက်ရုံနဲ့ လူတန်းစား အနှစ်သာရ ပြောင်းသွားတယ်လို့ မှတ်ယူထားကြသလား မပြောတတ်ဘူး။

●      စတာလင်ဝါဒ two stage သဘောတရားက ဆင်းသက်လာတဲ့ popular frontism

ကဗျာဆရာ မောင်ချောနွယ် ပြောခဲ့တဲ့ ရန်သူစစ်စစ်၊ မိတ်ဆွေစစ်စစ် စကားကိုသာ အမှတ်ရမိတယ်။ စတာလင်-မော်ဝါဒီတွေက သူတို့ကိုယ်သူတို့ မာ့(က်စ်)ဝါဒီတွေ ဖြစ်ကြတယ်လို့ ကြွေးကြော်ရင်း “ကျနော်တို့ ထပ်ချည်းတလဲလဲ ပြောခဲ့တဲ့ အချက်က လက်ရှိတော်လှန်ရေးရော၊ ကျနော်တို့ တည်ဆောက်ရမယ့် တပ်ပေါင်းစုကပါ လူတန်းစား အမြင်တရပ်ရပ် (အထူးသဖြင့် ပစ္စည်းမဲ့ လူတန်းစားအမြင်)ကို ကိုယ်စားပြုထားပြီး တည်ဆောက်လို့ မရနိုင်ဘူး” လို့ ရေးရဲတာတော့ အတော်အံ့အားသင့်ရတယ်။ မာ့(က်စ်)၊ အန်းဂယ်(စ်)၊ လီနင်၊ ထရော့စကီးတို့ တလျှောက်လုံး ခုခံကာကွယ်ခဲ့တဲ့ အလုပ်သမား လူတန်းစားရဲ့ တော်လှန်ရေး ခေါင်းဆောင်မှု အခန်းကဏ္ဍနဲ့ class independence ကို ချိုးဖျက်ပြီး စတာလင်-မော်ဝါဒီတွေရဲ့ popular front လမ်းစဉ်/ class collaborationist အမြင်ကို ဖန်တရာတေအောင် အော်ဟစ်နေတာပဲ။

“လူတန်းစားပေါင်းစုံ ပါဝင်တဲ့ တော်လှန်ရေး တပ်ဦးတခု” တည်ဆောက်ရေးဆိုတဲ့ class collaborationist ပေါ်လစီ/ popular front လမ်းစဉ်က စတာလင်ဗျူရိုကရေစီရဲ့ two stage သဘောတရားကနေ ထွက်ပေါ်လာတာပါ။ ၁၉၂၅-၂၇ တရုတ်ပြည် တော်လှန်ရေးဟာ စတာလင် ဗျူရိုကရေစီရဲ့ အဲဒီလို class collaborationist ပေါ်လစီ/ popular front လမ်းစဉ်ကြောင့် အကြီးအကျယ် အရေးနိမ့်ခဲ့ရဖူးတယ်။ ဒီနေရာမှာ နားလည်မှု မရှုပ်‌‌‌ထွေးရအောင် တပ်ပေါင်းစုလို့ မြန်မာလို မသုံးပဲ popular front လမ်းစဉ်လို့ ခွဲပြောပါတယ်။ လီနင်၊ ထ‌ရော့စကီးတို့ ဦးဆောင်ပြီး ဘော်ရှီဗစ်တွေ ကျင့်သုံးခဲ့ဖူးတဲ့ united front ပေါ်လစီနဲ့ မရောစေချင်လို့ပါ။ စကားလုံးပဲ ကွဲလွဲတာ မဟုတ်ဘဲ အနှစ်သာရအားဖြင့် တခြားစီဖြစ်နေလို့ပါ။ ဘော်ရှီဗစ်တွေ ကျင့်သုံးခဲ့ဖူးတဲ့ united front ပေါ်လစီက စတာလင်ဝါဒီ-မော်ဝါဒီတွေပြောတဲ့ popular front လမ်းစဉ်လိုမျိုး လူတန်းစားအားလုံး ပေါင်းစည်းရေး မဟုတ်ဘူး။

လက်တွေ့သမိုင်း နမူနာနဲ့ ရှင်းပါမယ်။ ၁၉၁၇ ဖေဖော်ဝါရီ တော်လှန်ရေးကနေ ဇာဘုရင် ပြုတ်ကျသွားတယ်။ ဘူဇွာ ကြားဖြတ်အစိုးရ ပေါ်လာတယ်။ တဖက်မှာလည်း အလုပ်သမား၊ စစ်သား၊ လယ်သမား ကိုယ်စားလှယ်များ ဆိုဗီယက်တွေက လူထုအာဏာကို လက်တွေ့ရရှိထားတယ်။ ဒီအခြေအနေကို dual power လို့ ခေါ်တာပါ။ ဒီလို စင်ပြိုင်အာဏာ နှစ်ရပ်ဟာ ယာယီပဲ ဖြစ်နိုင်မယ်။ ရေရှည်မခံနိုင်ဘူး။ တဖက်ဖက်က အနိုင်ရသွားဖို့ လိုတယ်။ ဒါ့ကြောင့် အဲဒီကာလမှာ ဘော်ရှီဗစ်တွေက ‘all power to the soviets’လို့ လိုင်းဖော်ပေးတယ်။ ဒါပေမယ့် အဲဒီကာလမှာ ဆိုဗီယက်တွေထဲ အဓိက လွှမ်းမိုးထားတာက ပြုပြင်ရေးဝါဒီတွေဖြစ်တဲ့ မင်ရှီဗစ်တွေ၊ ဆိုရှယ်လစ် ရက်ဗလူရှင်နရီပါတီတွေ။ ဘော်ရှီဗစ်တွေက သူတို့လောက် မလွှမ်းမိုးနိုင်သေးဘူး။ အဲဒီလို အာဏာ၂ရပ် စင်ပြိုင် ဖြစ်နေတဲ့ကာလ ၁၉၁၇ နှစ်လယ်လောက်မှာ ဘူဇွာ ကြားဖြတ်အစိုးရလက်အောက်မှာရှိတဲ့ စစ်ဗိုလ်ချုပ်ကြီး ကိုနီးလော့က စစ်အာဏာသိမ်းဖို့ စိုင်းပြင်းလာခဲ့တယ်။ ဒီအချိန်မှာ ဘူဇွာ ကြားဖြတ်အစိုးရရဲ့ ဖိနှိပ်မှုတွေခံနေရတဲ့ ဘော်ရှီဗစ်တွေဟာ united front ပေါ်လစီကို ဖော်ထုတ်လာခဲ့တယ်။ စစ်အာဏာသိမ်းခြင်းကို ရိုက်ချိုးပစ်ဖို့ ဘူဇွာ ကြားဖြတ်အစိုးရနဲ့ ပူးပေါင်းကြမယ်၊ ဘူဇွာကြားဖြတ်အစိုးရနဲ့ ပေါင်းတိုက်ကြလို့ ဘော်ရှီဗစ်တွေ မဆော်ဩခဲ့ဘူး။ အဲသလို လုပ်တာက popular front လမ်းစဉ်။

ဘော်ရှီဗစ်တွေရဲ့ united front ပေါ်လစီက ဘူဇွာ ကြားဖြတ်အစိုးရကိုလည်း တရွေးသားမှ မထောက်ခံဘူး။ မဝန်းရံ မပူးပေါင်းနိုင်ဘူး၊ ဒါပေမယ့် အခုလက်ငင်း ဦးစားပေးက စစ်အာဏာသိမ်းမှု အထမမြောက်ရေး ဖြစ်တယ်၊ ဒါ့ကြောင့် အလုပ်သမား ဆိုဗီယက် လယ်သမား စစ်သားကိုယ်စားလှယ်များ ဆိုဗီယက်တွေထဲမှာ ခေါင်းဆောင်နေရာယူထားတဲ့ မင်ရှီဗစ်တွေ၊ ဆိုရှယ်လစ် ရက်ဗလူရှင်နရီတွေကို ကိုနီးလော့ စစ်အာဏာသိမ်းမှုကို united action နဲ့ ဆန့်ကျင်ရိုက်ချိုးဖို့ ဆော်ဩတယ်။ ဒီလို united front ပေါ်လစီ ဖော်ထုတ်ရာမှာလည်း လီနင်တို့ ဘော်ရှီဗစ်တွေက အလုပ်သမား လူတန်းစားရဲ့ class independence ကို အထိပါးမခံဘူး။ “strike together, march separately” လို့ ဖော်ထုတ်တယ်။ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တိုက်ဖျက်တဲ့ united action အနေနဲ့ “strike together” လုပ်မယ်၊ ဒါပေမယ့် တပ်ပေါင်းစုဆိုပြီး အလံတခုတည်းအောက် ပရိုဂရမ် တခုတည်းအောက် ပေါင်းစပ်သွားတာမျိုး မဖြစ်ရဘူး၊ ကိုယ့်ဘန်းနာနဲ့ကိုယ် march separately ဖြစ်ရမယ်။ ကိုယ့်ပရိုဂရမ်နဲ့ကိုယ် တိုက်ကြမယ်။ ပစ္စည်းမဲ့ လူတန်းစားပါတီရဲ့ လွတ်လပ်စွာ တည်ရှိမှု၊ လွတ်လပ်စွာ ဝေဖန်ခွင့် နဲ့ လွတ်လပ်စွာ သဘောတရား ဖြန့်ချိမှုကို တရွေးသားမှ အထိပါးမခံရဘူး။ ကိုနီးလော့ရဲ့ စစ်အာဏာသိမ်းဖို့ ကြိုးပမ်းချက်ကို တိုက်ဖျက်တဲ့ လတ်တလော action မှာပဲ united ဖြစ်တာကို ဆိုလိုတာ။ ဒီလို တင်ကူးသတ်မှတ်ချက်တွေနဲ့ united ဖြစ်ရာမှာတောင် စတာလင်ဝါဒီတွေလို လူတန်းစားအားလုံး ပေါင်းစည်းရေး မဟုတ်ဘူး။ ဘူဇွာ အစိုးရနဲ့ ပေါင်းစည်းရေး၊ ဘူဇွာ ကြားဖြတ်အစိုးရကို ထောက်ခံပေးရေး မဟုတ်ဘူးဆိုတာ သတိချပ်စေလိုတယ်။

●      “တော်လှန်တဲ့ အမျိုးသားဓနရှင် လူတန်းစား”ဆိုတာ ရှိသလား

ဘူဇွာလူတန်းစားက ဘူဇွာဒီမိုကရေစီ တော်လှန်ရေးမှာတောင် တိုးတက်တဲ့ အခန်းကဏ္ဍ မရှိတော့ဘူးဆိုတာ လီနင်က လွန်ခဲ့တဲ့ နှစ် ၁၀၀ ကျော်ကတည်းက အခိုင်အမာ ရှင်းခဲ့ပြီးသား။ မင်ရှီဗစ်တွေနဲ့ ကွဲရတဲ့ အဓိကအချက်လည်း ဖြစ်တယ်။ စတာလင်ဝါဒီ-မော်ဝါဒီတွေကတော့ တရားသေ အလွတ်ကျက်ထားတဲ့အတိုင်း “တော်လှန်တဲ့ အမျိုးသားဓနရှင် လူတန်းစား”လို့ အသံကွဲမတတ် ထပ်တလဲလဲ အော်နေကြဆဲ ဖြစ်တယ်။ “တော်လှန်တဲ့ အမျိုးသားဓနရှင် လူတန်းစား”ဆိုတာကို မမြင်ဖူးလို့ ဆွဲထုတ်ပြပေးပါလို့ ဒီဆောင်းပါးကနေ တခါတည်း မေတ္တာရပ်ခံလိုက်ပါရစေ။

လက်ရှိအနေအထားမှာတော့ အန်ယူဂျီကိုများ “တော်လှန်တဲ့ အမျိုးသားဓနရှင် လူတန်းစား”အနေနဲ့ ရည်ညွှန်းချင်သလားလို့ ကိုယ့်ဘာသာ ဖြည့်တွေးပေးလိုက်ပါတယ်။ ဒီလိုဖြည့်တွေးကြည့်ပေမယ့် အန်ယူဂျီရဲ့ တော်လှန်တဲ့ လက္ခဏာတွေက ဘာတွေလဲ မေးစရာ ဖြစ်လာတယ်။ ဒါကတော့ စတာလင်ဝါဒီ-မော်ဝါဒီတွေ သက်သေရှာပြရမယ့် အပိုင်းပဲ။ အခိုင်အမာ သက်သေမရှိဘဲ “တော်လှန်တဲ့ အမျိုးသားဓနရှင် လူတန်းစား”လို့ ဆိုနေရင်တော့ မရှိတဲ့ အရိပ်ကို လိုက်ရှာနေတာ ဖြစ်သလို၊ ဖောက်ပြန်တဲ့ အစိတ်အပိုင်းတွေကို တော်လှန်တဲ့ လူတန်းစားဆိုပြီး လူထုရှေ့ချပြနေတာကိုက တော်လှန်ရေးကို သစ္စာဖောက်နေတာပဲ။ တနည်းအားဖြင့် အလုပ်သမား လူတန်းစား အကျိုးစီးပွားကို ဒီလို လှည့်ဖျားတဲ့နည်းနဲ့ ဘူဇွာ လူတန်းစား အကျိုးစီးပွားအောက် ဆွဲသွင်းလိုက်တာပဲ။

လင်းထည်အောင်ရဲ့ ဆောင်းပါးမှာလည်း အခုလို ဝန်ခံထားပါတယ် - “အလုပ်သမား လူတန်းစား လွတ်မြောက်ရေးအတွက် ရှည်ကြာတဲ့ တစုံတရာသော သမိုင်းကာလတခုကို စောင့်ဆိုင်းရလိမ့်ဦးမယ်”။ class collaborationist ပေါ်လစီ/ popular front လမ်းစဉ်မှန်သမျှ နောက်ဆုံး ဒီဘူတာပဲ ဆိုက်ပါတယ်။ ဒါ့ကြောင့် မာ့(က်စ်)ဝါဒီတွေက class independence ကို အခိုင်အမာ ခုခံကာကွယ်နေရတာပဲ။

class collaborationist ပေါ်လစီ/ popular front လမ်းစဉ်မှန်သမျှ နောက်ဆုံး ဒီဘူတာပဲ ဆိုက်တယ်ဆိုထားလို့ တရုတ်ပြည် တော်လှန်ရေး ဉပမာကို နည်းနည်းပြောရဦးမယ်။ စတာလင်ပြန်ဖော်ထုတ်လိုက်တဲ့ မင်ရှီဗစ် two stage သဘောတရားအရ တရုတ်ပြည်ဟာ ပဒေသရာဇ်တပိုင်း ကိုလိုနီတပိုင်းတိုင်းပြည်ပဲ ဖြစ်တယ်။ (စတာလင်ဝါဒီ မော်ဝါဒီ ဗကပကလည်း ဗမာ့လူအဖွဲ့အစည်းကို ဒီအတိုင်းပဲ သတ်မှတ်ထားဆဲ ဖြစ်တယ်၊ စကားချပ်) ဒါ့ကြောင့် တရုတ်ပြည်ရဲ့ လက်ရှိ တော်လှန်ရေးအဆင့်ဟာ အမျိုးသားလွတ်မြောက်ရေး ဒီမိုကရေစီ တော်လှန်ရေးအဆင့်ပဲ ရှိသေးတယ်။ အောက်တိုဘာ တော်လှန်ရေး အဆင့် မရောက်သေးဘူး။ ဒါ့ကြောင့် အလုပ်သမား လူတန်းစားက ခေါင်းဆောင် လူတန်းစားနေရာ ယူရလောက်အောင် မရင့်မှည့်သေးဘူး။ “အလုပ်သမား လူတန်းစား လွတ်မြောက်ရေးအတွက် ရှည်ကြာတဲ့ တစုံတရာသော သမိုင်းကာလတခုကို စောင့်ဆိုင်းရလိမ့်ဦးမယ်”။ ဒီအတောအတွင်းမှာ တော်လှန်သော အမျိုးသား ဓနရှင်လူတန်းစား ခေါင်းဆောင်မှုကို လက်ခံရမယ်။ တော်လှန်သော အမျိုးသားဓနရှင် လူတန်းစားကို စတာလင်ဝါဒီတွေ ဘယ်မှာသွားတွေ့သလဲဆိုတော့ ကူမင်တန်ပါတီမှာ သွားတွေ့တယ်။ နုနယ်သေးတဲ့ ပစ္စည်းမဲ့ ပါတီဟာ ရှင်သန်ကြီးထွားလာအောင် ကူမင်တန်ပါတီထဲဝင်ပြီး အလုပ်လုပ်ရမယ်လို့ မော်စကိုကနေ ညွှန်ကြားတယ်။

ဒီနေရာမှာ လီနင်တို့ ကျင့်သုံးခဲ့တဲ့ united front ပေါ်လစီရဲ့ အခြေခံကန့်သတ်ချက်တွေကို အကုန်ချိုးဖောက်လိုက်တာ မြင်စေချင်တယ်။ ပစ္စည်းမဲ့လူတန်းစားရဲ့ class independence ကို ဖျက်သိမ်းပြီး “တော်လှန်သော အမျိုးသားဓနရှင်ပါတီ”ထဲ ပေါင်းစည်းသွားစေတယ်။ ကိုယ့်ဘန်းနာနဲ့ကိုယ်၊ ကိုယ့်ပရိုဂရမ်နဲ့ကိုယ် ပစ္စည်းမဲ့ လူတန်းစားရဲ့ လွတ်လပ်စွာ တည်ရှိမှုကို ဖျက်သိမ်းပစ်လိုက်တယ်။ ရလဒ်က ဘာဖြစ်သွားသလဲ။ နုနယ်သေးတဲ့ ပစ္စည်းမဲ့ပါတီ ကြီးထွားသွားသလား။ ချန်ကေရှိတ်ခေါင်းဆောင်တဲ့ ကူမင်တန် ခေါင်းဆောင်ပိုင်းက စတာလင် ဗျူရိုကရေစီ ထောက်ပံ့ထားတဲ့ စစ်လက်နက်တွေနဲ့ပဲ ကွန်မြူနစ်တွေ၊ အလုပ်သမားတွေကို အလုံးအရင်းနဲ့ သတ်ပစ်တာ ခံလိုက်ရတယ်။

လူတန်းစား လေးရပ် ပေါင်းစည်းထားတဲ့ တပ်ပေါင်းစုမျိုး ဗမာပြည် လွတ်လပ်ရေး တိုက်ပွဲသမိုင်းမှာ ပေါ်ခဲ့ဖူးပါတယ်။ ဖဆပလဟာ စတာလင်-မော်ဝါဒီတွေ အမြဲအော်လေ့ရှိတဲ့ popular front စစ်စစ်ကြီးပါပဲ။ ဘာဖြစ်သွားသလဲဆိုတာ စတာလင်ဝါဒီ-မော်ဝါဒီတွေ ဘဝနဲ့ရင်းပြီး သိကြမယ်ထင်ပါတယ်။ သမိုင်းကနေ မသင်ယူတတ်ကြရင်တော့ အခုထိ နားလည်ကြဦးမယ် မထင်ပါ။

စတာလင်ဝါဒ-မော်ဝါဒကို လက်တွေ့ကျင့်သုံးနေပြီး “ကျနော်တို့က မာ့(က်စ်)ဝါဒီတွေ”ဆိုတာမျိုး မအော်စေချင်ဘူး။ ဘာဖြစ်လဲ စတာလင်ဝါဒ-မော်ဝါဒကို ယုံကြည်တယ်ဟေ့လို့ ရိုးရိုးသားသား ရပ်တည်လိုက်ပါ။ ကျနော်တို့ မာ့(က်စ်)ဝါဒီ ဘော်ရှီဗစ်တွေကတော့ ရှင်းတယ်။ ဘော်ရှီဗစ်ဇင်နဲ့ စတာလင်-မော်ဝါဒဟာ ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေရုံမက သွေးပင်လယ်ခြားနေတယ်လို့ အတိအလင်းပြောတယ်။

စတာလင်ဝါဒရဲ့ two stage သဘောတရားကနေ ဆင်းသက်လာတဲ့ popular front လမ်းစဉ်အမှားကြောင့် ၁၉၂၅-၂၇ တရုတ် တော်လှန်ရေး အရေးနိမ့်မှုကို ‌စတာလင်ဗျူရိုကရေစီက တာဝန်မခံလိုဘူး။ တရုတ် ကွန်မြူနစ် ခေါင်းဆောင်တချို့ကို အပြစ်ဖို့ပြီး သူတို့အရှက် သူတို့ပြန်ဆယ်ချင်တယ်။ ဒါ့ကြောင့် မော်စကိုကနေ armed uprising ကို ဖြစ်တဲ့နည်းနဲ့ လုပ်ကြဖို့ အမိန့်ပေးတယ်။ ကျေးလက်အခြေခံ၊ မြို့ကိုဝိုင်း လမ်းစဉ်ဟာ မော်စကို ဗျူရိုကရေစီ ချပေးလိုက်တဲ့ လိုင်းပါ။ အဲဒီအစည်းအဝေးမှာ မော်တောင် ရှိမနေခဲ့ဘူး။ မော်ဝါဒီတွေကတော့ genius ကြီး မော်စီတုန်းရဲ့ တီထွင်ဖန်တီးမှုလိုလို ထင်နေကြတယ်။

ရိုးသားမှုတစက်လေးမှ မရှိတဲ့ စတာလင်ဝါဒီ-မော်ဝါဒီ အုပ်စုလေးကတော့ အဲဒီလမ်းစဉ်ကို လမ်းမပေါ် လူထုတိုက်ပွဲကြောင့် ရလာတဲ့ နိဂုံးချုပ်ချက်ပဲလို့ ဆိုထားတယ်။ “လက်နက်ကိုင် တိုက်ပွဲဟာ အဓိက၊ လက်နက်ကိုင်တိုက်ပွဲကို ကျန်တိုက်ပွဲ ပုံသဏ္ဍာန်များနှင့်ပေါင်းစပ်”ဆိုတဲ့ နိဂုံးချုပ်ချက် ရရှိလာတာ လမ်းမပေါ် လူထုတိုက်ပွဲကြောင့်ပဲ။ ဒါကို ကျနော်တို့ ငြင်းလို့မရဘူး။” (ဆိုရှယ်ဒီမိုကရက်စာစောင် အတွဲ ၁၊ အမှတ် ၈၊ စာမျက်နှာ ၄၁)

ဒီလို ပုံဖျက်လိုက်တာဟာ တိုက်ပွဲဝင်ခဲ့တဲ့ လူထုကြီးကို စော်ကားလိုက်တာပဲ။ မော်ဝါဒကို ယုံကြည်တယ်ဆိုရင်လည်း ကျနော်တို့ ခေါင်းဆောင်ကြီး ‌မော်စီတုန်းက ဘယ်စာအုပ်ထဲမှာ ဒီအယူအဆကို ဘယ်လိုထုတ်ဖော်သွားခဲ့တာပါလို့ ရိုးရိုးသားသား ဝါဒဖြန့်သင့်တယ်။ လူထုတိုက်ပွဲကို ခုတုံးမလုပ်သင့်ဘူး။

အဲဒီစာစောင်ရဲ့ စာမျက်နှာ ၄၁မှာပဲ နောက်တပိုဒ်မှာ အခုလို ပုတ်ခတ်ဆဲရေးထားပြန်တယ် -

“နောက်တချက်က လမ်းမပေါ်တက်လာတာနဲ့ ပစ်သတ်နေတဲ့အချိန်မှာ လူထုကို သပိတ်တိုက်ပွဲတင်ဖို့ တွန်းအားပေးတာလောက် ဖောက်ပြန်တဲ့ အတွေးအခေါ် မရှိတော့ဘူး။”

ကျနော်တို့ မာ့(က်စ်)ဝါဒီတွေက စတာလင်ဝါဒီ-မော်ဝါဒီတွေရဲ့ Armed Struggle ဆိုတာကြီးကို မာ့(က်စ်)ဝါဒရဲ့ အခြေခံသဘောတရားတွေဆွဲထုတ်ပြီး ဝေဖန်လိုက်တဲ့အခါ အခုလို straw man ထောင်ပြီး ပုံဖျက်ဆဲလိုက်တာပဲ။ ကျနော်တို့ The Struggle မဂ္ဂဇင်းမှာ ဘယ်လိုရေးခဲ့သလဲ အထက်မှာ ကောက်နှုတ်ဖော်ပြခဲ့ပါတယ်။ လူထုအုံကြွမှုကြီး ပြိုလဲသွားတဲ့အချိန်မှာ လူထုကို အခုချက်ချင်း လမ်းပေါ်တက်ကြ၊ အထွေထွေ သပိတ်ကြီးမှောက်ကြလို့ ဘယ်ဆောင်းပါးမှာများ မာ့(က်စ်)ဝါဒီတွေ တွန်းအားပေးခဲ့ဖူးသလဲ။ အထွေထွေ သပိတ်ကို ရေပိုက်ခေါင်း အဖွင့်အပိတ်လုပ်သလို call ခေါ်ချင်တိုင်း ခေါ်လို့မရဘူး၊ လူထုအုံကြွမှု မဖြစ်မှာ မပူလေနဲ့ ကိုယ့်ဘက်က subjective factor ပိုင်း ပြင်ထားနိုင်ဖို့သာ အရေးကြီးတယ်၊ အစရှိတဲ့ အာဘော်တွေသာ မာ့(က်စ်)ဝါဒီတွေ ဖော်ထုတ်ခဲ့တာပဲ။ လက်နက်ကိုင် အုံကြွမှုကို လွယ်လွယ်လေး ကြေငြာခဲ့တဲ့၊ အထွေထွေ သပိတ် call တွေ ခဏခဏခေါ်နေတဲ့ လစ်ဘရယ် ဘူဇွာတွေကို ပြတ်ပြတ်သားသား ဝေဖန်ခဲ့တာ ကျနော်တို့ မာ့(က်စ်)ဝါဒီတွေပဲ။ အဲဒါတွေကို ဝေဖန်ဖို့တောင် မဟရဲခဲ့တဲ့ စတာလင်-မော်ဝါဒီ အုပ်စုလေးတွေက မာ့(က်စ်)ဝါဒီတွေ မပြောတဲ့စကားကို ပြောသ‌ယောင် ပုံဖော်ပြီး ဆဲရေးပုတ်ခတ်နေတာပဲ။

စာဖတ်သူအပေါ်မှာတောင် အခြေခံ ရိုးသားမှုကလေး မရှိဘဲ လူထုစည်းရုံးရေးလို့ အော်နေရင် လေကုန်တာပဲ ရှိပါလိမ့်မယ်။ တော်လှန်ရေး ကေဒါတည်ဆောက်တယ်ဆိုတာ အခုလို confused ဖြစ်နေတဲ့ အလိမ်အညာတွေနဲ့ တည်ဆောက်လို့ မရဘူးဆိုတာလည်း ကြိုသတိပေးလိုက်ချင်တယ်။

ဂျက်(က်)

(၂၇၊ နိုဝင်ဘာ၊ ၂၀၂၂)