ဆူဒန် တော်လှန်ရေးအတွက် နောက်ဆုံး သတိပေး ခေါင်းလောင်းသံ

နိုဝင်ဘာ ၁၇ ရက်နေ့ဟာ စစ်အာဏာသိမ်းပြီးကတည်းက ဆူဒန်မှာ သွေးမြေအကျဆုံး နေ့ပဲ။ ပြည်လုံးကျွတ် လူထုချီတက်ပွဲကြီးကို လုံခြုံရေး အင်အားစုတွေက အရက်စက်ဆုံး အကြမ်းဖက် နှိပ်ကွပ်ခဲ့တယ်။ အဲဒီအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကြီးဟာ လူထုအတွက် နောက်ဆုံး သတိပေး ခေါင်းလောင်းသံ ဖြစ်ရမယ် - လူထုအနေနဲ့ နည်းပေါင်းစုံသုံးပြီး လက်နက်စွဲကိုင် ခုခံတိုက်ပွဲဝင်မှသာ ဆူဒန် တော်လှန်ရေး အောင်ပွဲခံနိုင်မယ်လို့ နောက်ဆုံး သတိပေးလိုက်တာပဲ။

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ် Abdel Fattah al-Burhan က အချုပ်အခြာ အာဏာပိုင် ကောင်စီအသစ် ဖွဲ့စည်းထားပြီးပြီလို့ လွန်ခဲ့တဲ့ တပတ်က ကြေညာခဲ့တယ်။ ဗိုလ်ချုပ် Burhan နဲ့ ဗိုလ်ချုပ် Hemeti တို့က အဲဒီ ကောင်စီရဲ့ ထိပ်ပိုင်းနေရာတွေကို ယူထားတယ်။ ဗိုလ်ချုပ် Hemeti ဆိုတာ တန်ပြန် တော်လှန်ရေး အကြမ်းဖက် နှိပ်ကွပ်မှုတွေကို အဓိက လုပ်ဆောင်နေတဲ့ ဂျန်ဂျဝိ(ဒ်) လူမျိုးစု လက်ရုံးတပ်ဖွဲ့ RSF (Rapid Support Forces) ရဲ့ စစ်ဦးစီး ဖြစ်တယ်။

စစ်ဗိုလ်ချုပ် ဘူ(ရ်)ဟန်းက အာဏာသိမ်းခဲ့တာ မဟုတ်ဘူး၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ‘တည့်မတ်ပေးဖို့’ ကြားဝင်ခဲ့ရုံပါလို့ ပြောထားပေမယ့် အခုလို ဖြစ်နေတယ်။ အရပ်သား အစိုးရ ပေါ်ပေါက်လာအောင် ကူညီပေးဖို့ပဲ ပိုင်းဖြတ်ထားတယ်၊ အစိုးရအဖွဲ့ထဲကို သူကိုယ်တိုင် ဝင်မပါဘူးလို့ ပြောထားပေမယ့် အခုတော့ အမြင့်ဆုံး နေရာ ယူထားတယ်။

ဘူ(ရ်)ဟန်းရဲ့ မျက်နှာပြောင်တိုက် လုပ်ရပ်တွေဟာ လူထုကို ဒေါသပုန်ထစေခဲ့တယ်၊ စနစ်တကျ ပြင်ဆင်ထားတဲ့ ပြည်လုံးကျွတ် လူထု ချီတက်ပွဲကြီးမှာ လူထုတရပ်လုံးက သူတို့ရပ်တည်ချက် သဘောထားကို ပြတ်ပြတ်သားသား ဖော်ထုတ်ခဲ့တယ် - အာဏာသိမ်းသူတွေနဲ့ ဘယ်တော့မှ မစေ့စပ်ရ၊ အာဏာခွဲဝေရေး အစီအမံတွေ လက်မခံရ၊ စစ်ဗိုလ်ချုပ်တွေနဲ့ အပေးအယူ မလုပ်ရ၊ ဒင်ပြည့်ကျပ်ပြည့် အရပ်သား အစိုးရတရပ်ကိုသာ အလိုရှိတယ်။

ဒုတိယအကြိမ် ‘သန်းချီစုဝေး ချီတက်ပွဲကြီး’ကို အကြမ်းဖက် ဖြိုခွဲခဲ့တယ်၊ မျက်ရည်ယိုဗုံးတွေ ကျည်အစစ်တွေနဲ့ ပစ်ခတ်ခဲ့လို့ လူတွေ အများကြီး သေခဲ့ရတယ်။

နိုဝင်ဘာ ၁၇ လူသတ်ပွဲကြီး

ဒီလို အကြမ်းဖက် သတ်ဖြတ်ခြင်း နဲ့ တရားရုံးက အင်တာနက် ပြန်ဖွင့်ပေးဖို့ ဆုံးဖြတ်ခဲ့တာတောင် အာဏာသိမ်း စစ်အစိုးရက အင်တာနက် ဆက်ဖြတ်ထားခြင်းကို တုံ့ပြန်ဖို့ရာ ဆူဒန် ပရော်ဖက်ရှင်နယ်များ အသင်းနဲ့ ခုခံ တော်လှန်ရေး ကော်မတီတွေက နိုဝင်ဘာ ၁၇ ရက်နေ့မှာ တတိယအကြိမ် ပြည်လုံးကျွတ် ချီတက်ပွဲကြီး လုပ်ကြဖို့ ဆော်ဩခဲ့တယ်။

ဒီရက်စွဲက အင်မတန် အရေးကြီးတယ်။ အာဏာသိမ်း စစ်ခေါင်းဆောင် မဖျက်သိမ်းခင်က စစ်တပ် ထိန်းချုပ်မှု အောက်ရှိနေတဲ့ အချုပ်အခြာ အာဏာပိုင် ကောင်စီကို နိုဝင်ဘာ ၁၇ ရက်နေ့မှာ အရပ်သား အစိုးရဆီ လွှဲပြောင်း ပေးရမယ်လို့ ကနဦး ရာထားခဲ့တယ်။ ဘူ(ရ်)ဟန်းက ဒီမတိုင်ခင် အောက်တိုဘာ ၂၅ ရက်နေ့မှာ အာဏာသိမ်းခဲ့ပြီး အချုပ်အခြာ အာဏာပိုင် ကောင်စီကို ဖျက်သိမ်းပစ်ခဲ့တယ်။

တလနီးပါး တရစပ် ဖိနှိပ်မှုတွေ (ရိုက်နှက်ဖြိုခွဲခြင်း၊ ကျည်နဲ့ပစ်ခြင်း၊ တွေ့ကရာ ဖမ်းစီးခြင်း၊ ဆက်သွယ်ရေး လမ်းကြောင်းတွေ အားလုံးနီးပါး ဖြတ်တောက်ပစ်ခြင်း) ခံနေရပေမယ့် ခုခံတော်လှန်ရေး ကော်မတီတွေကတဆင့် ပြည်လုံးကျွတ် လူထု ဆန္ဒပြပွဲကြီးတခု ထပ်မံ စုစည်းနိုင်ခဲ့ကြတယ်။

အင်တာနက် ဖြတ်တောက်ခံထားရတော့ ပုံတွေ၊ ရုပ်သံဖိုင်တွေကတော့ ကွက်တိကွက်ကြားပဲ။ ဒါပေမယ့် မြို့ကြီး မြို့ငယ်ပေါင်း ၁၆ မြို့ထက် မနည်းတာ သေချာတယ်။ လူတွေ သိန်းပေါင်းများစွာ လမ်းမတွေပေါ် ချီတက်ခဲ့တယ်။

ဒါပေမယ့် ဒီတချီမှာ စစ်တပ်၊ ရဲတပ်က အချိန်ဖြုန်းမနေခဲ့ဘူး။ အင်တာနက်လိုင်းတွေပဲ ဖြတ်ပစ်တာ မဟုတ်ဘူး။ ဖုန်းလိုင်းတွေလည်း ဖြတ်ပစ်တယ်။ လူထုကို သီးခြားစီဖြစ်သွားအောင် လုပ်လိုက်ပြီး လူထု ချီတက်ပွဲအတွက် ပြင် ထားတဲ့ စုရပ်နေရာတွေဆီ လက်နက်ကိုင်တပ်တွေ ပို့ခဲ့တယ်။

ဆန္ဒပြလူထုကို လက်နက်ကိုင်တပ်တွေက အကြမ်းဖက် သတ်ဖြတ်ခဲ့တယ်။ အဆိုးဆုံးကတော့ မြို့တော် ခါတွန်း မှာပဲ။

ဒေသန္တရ ခုခံတော်လှန်ရေး ကော်မတီ အထူးအားကောင်းတဲ့ မြောက်ပိုင်းက အမွှာမြို့တော် Bahri ကို စိတ်ကြိုက် အကြမ်းဖက် နှိပ်ကွပ်ဖို့ သီးခြားခွဲထုတ်ပစ်ခဲ့တယ်။ ရပ်ကွက်တွေကို စစ်တပ်နဲ့ ဝင်စီးထားပြီး လျှပ်စစ်ဓာတ်အား ဖြတ်တောက်ပစ်ခဲ့တယ်။ စစ်တပ်က လမ်းတွေထဲအထိ မျက်ရည်ယိုဗုံးတွေ ပစ်သွင်းတယ်၊ လူတွေကို အိမ်တွေထဲ ပိတ်မိသွားအောင် လုပ်ပစ်လိုက်တယ်။ လွတ်အောင်မပြေးနိုင်သူတွေကို စစ်တပ်က အမဲလိုက် ဖမ်းဆီးတယ်။

အစိုးရစစ်တပ်က ဆေးရုံတွေထဲကို မျက်ရည်ယိုဗုံးတွေ ပစ်သွင်းခဲ့တယ်လို့ အစီရင်ခံစာတွေမှာ ဖော်ပြကြတယ်။ ဆေးရုံတွေမှာ ဒဏ်ရာရသူတွေ အပြည့်ဖြစ်နေတယ်။

ဆန္ဒပြသူ ၁၅ ဦးထက်မနည်း အသတ်ခံခဲ့ရတယ်။ စုစုပေါင်း အသတ်ခံခဲ့ရသူ ၃၉ ယောက်ရှိနေပြီ။ အဲဒီအထဲမှာ အသက်အကြီးဆုံးက ၇၀ အရွယ်။ ရှမ်းဘတ်မြို့က ဈေးဆိုင်ပိုင်ရှင်တဦးလည်း အသတ်ခံခဲ့ရတယ်။ သူက ဆန္ဒပြပွဲ တွေမှာ မပါခဲ့ဘူး။ စစ်သားတွေက သူ့ဆိုင်ထဲ ဝင်လာပြီး အထဲမှာ ပုန်းနေသူတွေ ထုတ်ပေးဖို့ ပြောတယ်၊ ပုန်းနေ သူ တယောက်မှ မရှိပါဘူးလို့ ပြောတော့ သူ့ကို ပစ်သတ်သွားကြတယ်။

ရာပေါင်းများစွာ ဒဏ်ရာရခဲ့တယ်။ ဆေးရုံတွေမှာ ခေါင်း ကျည်မှန်ထားသူတွေ၊ ကိုယ်ထည်ပိုင်း ကျည်မှန်ထားသူ လူနာတွေနဲ့ ပြည့်လျှံနေတယ်။ တန်ပြန် တော်လှန်ရေး တပ်ဖွဲ့တွေမှာ ပစ်သတ်ဖို့ အမိန့်တွေ ရထားပုံပဲ။

သေနှုန်းက အခုသိရတာထက် အဆပေါင်းများစွာ ပိုနေလိမ့်မယ်၊ ဒဏ်ရာရထားသူ အတော်များများကလည်း သေ မလား ရှင်မလား ပြောမရနိုင်တဲ့ အခြေအနေ။ ဆက်သွယ်ရေး လမ်းကြောင်းတွေ ဖြတ်တောက်ခံထားရတော့ အတိအကျ ခန့်မှန်းဖို့ မဖြစ်နိုင်ဘူး။

အခုချိန်ထိ ဆန္ဒပြပြည်သူတွေကို အကြမ်းမဖက်ပါဘူးလို့ တွင်တွင်ငြင်းနေသေးတဲ့ အာဏာသိမ်း စစ်အစိုးရက ရယ်စရာကောင်းလှတဲ့ ထုတ်ပြန်ချက်တခုထဲမှာ အစိုးရ ရဲ ၃၀ မျက်ရည်ယိုဗုံးတွေကြောင့် အသက်ရှူမရ ဖြစ်နေ ပါတယ်လို့ ညည်းညူထားတယ်။

နည်းပေါင်းစုံသုံးပြီး လက်နက်တပ်ဆင်ထားရမယ်

ဒီမနက်မှာ လူထုအဖို့ တထိတ်ထိတ် တလန့်လန့်နဲ့ နိုးထလာရတယ်။ ဒီစာ ရေးနေချိန်အထိ စစ်တပ်က အကြမ်းဖက် နှိပ်ကွပ်မှုတွေ မရပ်သေးဘူး။ ခါတွန်း နဲ့ ဘာရီ မြို့တွေမှာ တွေ့တဲ့လူ ဖမ်းနှိပ်စက်နေဆဲ၊ ပတ်ကင်း လှည့်နေဆဲ ဖြစ်တယ်။ ခုခံတော်လှန်ရေး ကော်မတီတွေထဲ ပါနေတဲ့ နာမည်ကြီး အဖွဲ့ဝင်တွေကို အပူတပြင်း လိုက်ဖမ်းနေတယ်။

စစ်အာဏာသိမ်းသူတွေဘက်က အခုလိုတွေ ရက်ရက်စက်စက် အကြမ်းဖက်လေ လူထုက ပိုပြီး ဆန့်ကျင်လေပဲ။ ခုခံတော်လှန်ရေး ကော်မတီတွေက စစ်တပ် အလွယ်တကူ ဝင်လာလို့မရအောင် ရပ်ကွက်လမ်းတွေကို ဘယ်ရီ ဂိတ်တွေနဲ့ ပိတ်ချလိုက်တယ်။

ဆူဒန် ပရော်ဖက်ရှင်နယ်များ အသင်းက အကြမ်းဖက်မှုကို ရှုတ်ချထားတယ်။ စေ့စပ်ရေး မလုပ်ဘူး၊ စစ်တပ်နဲ့ အပေးအယူ မလုပ်ဘူးလို့လည်း သူတို့ရပ်တည်ချက်ကို ထုတ်ပြောထားတယ်။ ခုခံတော်လှန်ရေး ကော်မတီတွေက တရက်တာ စစ်အာဏာဖီဆန်ရေး လုပ်ဖို့ ဆော်ဩထားတယ်။ ဆူဒန် တပြည်လုံးနီးပါး သပိတ်တိုက်ပွဲကြောင့် သွက်ချာပါဒ လိုက်နေဆဲဖြစ်တယ်။

ဆက်သွယ်ရေးလိုင်းတွေ ဖြတ်တောက်ထားလို့ လူထုရဲ့ စိတ်အခြေအနေကို မှန်းဆရ ခက်ပါတယ်။ ဒါပေမယ့် လူမှု ကွန်ယက်ကနေ တစွန်းတစတွေ့လာရတဲ့ မှတ်ချက်တွေကို အခြေခံပြောရရင် အနည်းဆုံးတော့ လူထုထဲက တစိတ်တပိုင်းဟာ လက်နက်အပြည့် တပ်ဆင်ထားပြီး အကြမ်းဖက်နေတဲ့ တန်ပြန် တော်လှန်ရေးကို ‘ငြိမ်းငြိမ်း ချမ်းချမ်း’ နည်းတွေနဲ့ပဲ ရင်ဆိုင်နေရတာ စိတ်ပျက်လာကြပြီ။

ကျနော်တို့ ထပ်တလဲလဲ ပြောခဲ့သလိုပဲ အောင်ပွဲရဖို့ တခုတည်းသော လမ်းဟာ လူထုကိုယ်တိုင် ခုခံကာကွယ်ရေး ကော်မတီတွေ စုစည်းပြီး တန်ပြန် တော်လှန်ရေးကို လက်နက်ကိုင် တုံ့ပြန်ဖို့ပဲ။ အဆုံးမတော့ လက်နက်ကိုင် တပ် ထဲက စာနာမှုရှိသူတွေကို တော်လှန်ရေးဘက်ပါလာအောင် လုပ်ဖို့ လိုအပ်လိမ့်မယ်။ ဒါပေမယ့် လတ်တလောမှာ လူထုကိုယ်တိုင် ရနိုင်သမျှ နည်းပေါင်းစုံသုံးပြီး လက်နက်စွဲကိုင် တိုက်ပွဲဝင်ဖို့ ပြင်ဆင်ထားရမယ်။

၁၉၀၅ တော်လှန်ရေးတုန်းက Black Hundreds ဖက်ဆစ်တွေကို ဆန့်ကျင်ဖို့ရာ အလုပ်သမား လယ်သမားတွေ ကိုယ်တိုင် ခုခံတော်လှန်ရေး ကော်မတီတွေ ဖွဲ့စည်းကြဖို့ လီနင် ရေးခဲ့သလိုပဲ -

“သူတို့ကိုယ်တိုင် ရနိုင်သမျှ အကောင်းဆုံး လက်နက်တပ်ဆင်ထားရမယ်၊ (ရိုင်ဖယ်တွေ၊ ပစ္စတိုတွေ၊ ဗုံးတွေ၊ ဓားတွေ၊ သံလက်သီးစွပ်တွေ၊ တုတ်တွေ၊ မီးတင်ရှို့ဖို့ ရေနံဆီစွတ်ထားတဲ့ အဝတ်စုတ်တွေ၊ သံစူးကြိုးတွေ၊ [မြင်း တပ်] ကို ဒုက္ခပေးဖို့ သံမှိုတွေ၊ စသဖြင့်) ရနိုင်သမျှ လက်နက်တွေ လူထုကိုယ်တိုင် တပ်ဆင်ထားရမယ်။ ဘယ်လို အခြေအနေမှာမှ ပြင်ပကနေ၊ အထက်ကနေ အကူအညီရလာဖို့ မမျှော်လင့်ကောင်းဘူး။ လူထုကိုယ်တိုင် လက်နက်တွေ ရလာအောင် လုပ်ကြရမယ်။”

ဆူဒန် လူထုက လက်နက်ကိုင် တပ်ဖွဲ့တွေကို ကျောက်ခဲတွေနဲ့ ခုခံခဲ့တာရှိသလို လက်ဗလာနဲ့ ခုခံခဲ့တာလည်း ရှိတယ်။

လူထုထက် စစ်တပ်က လက်နက်အင်အားပိုတောင့်တယ် ဒါပေမယ့် စစ်တပ်ထက် လူထုက အရေအတွက် အဆမ တန် ပိုအားကောင်းတယ်။ လူထုသာ စနစ်တကျ စုစည်းထားပြီး တိုက်ပွဲဝင်ဖို့ အသင့်ဖြစ်နေရင် လက်နက်တွေ အလွန်အကျွံ တပ်ဆင်ထားတဲ့ တန်ပြန် တော်လှန်ရေးကို လူထုက သုတ်သင်နိုင်ပါတယ်။

စစ်တပ်ထဲက အစိတ်အပိုင်းတခုကို တော်လှန်ရေးဘက်ပါလာအောင် လုပ်နိုင်တဲ့အထိ လူထုကိုယ်တိုင် တိုက်ဖို့ အသင့် ပြင်ထားရမယ်။ လူထုကြီးက ဆူဒန် ပရော်ဖက်ရှင်နယ်များ အသင်းနဲ့ ခုခံတော်လှန်ရေး ကော်မတီတွေ ဖော်ထားတဲ့ သေကြောင်းကြံ ပေါ်လစီအတိုင်း စစ်တပ်ရှေ့ လက်ဗလာနဲ့ လျှောက်သွားလို့ လုံးဝမဖြစ်ဘူး။

မစေ့စပ်ရ၊ အပေးအယူ မလုပ်ရ၊ စစ်တပ်နဲ့မပူးပေါင်းရ

ဆူဒန် ပရော်ဖက်ရှင်နယ်များ အသင်းနဲ့ ခုခံတော်လှန်ရေး ကော်မတီတွေ ဆော်ဩထားသလို ငြိမ်းငြိမ်းချမ်းချမ်း အာဏာဖီဆန်ရေး နည်းတွေကို အောက်ခြေလူထုက ပြတ်ပြတ်သားသား ငြင်းဆန်ရမယ်။ ဒီနည်းလမ်းတွေဟာ တန်ပြန် တော်လှန်ရေးကို ယုံကြည်ချက် ပိုရှိစေတယ်၊ လူထုကြီးကို သွေးပင်လယ်ဝေစေတယ်။

တော်လှန်ရေး ခေါင်းဆောင်တွေဟာ လူထုကို လက်နက်စွဲကိုင် ပြန်တိုက်စေရမယ်။ ဒီလို တိုက်နိုင်အောင် စုစည်း ပေးရမယ်၊ စစ်တပ်ထဲက ယိမ်းယိုင်နေတဲ့ အစိတ်အပိုင်းတွေကို တပ်တွင်းအာဏာဖီဆန်ပြီး လူတန်းစား ညီအစ်ကို မောင်နှမတွေနဲ့အတူ လက်တွဲ တိုက်ပွဲဝင်ကြဖို့ ဖိတ်ခေါ်ရမယ်။ တော်လှန်ရေး ခေါင်းဆောင်တွေက ဒါတွေ မလုပ် ချင်ဘူးဆိုရင် ဘေးဖယ်ပေးပြီး လုပ်လိုသူတွေကို ခေါင်းဆောင်နေရာ ပေးရမယ်။

ပြည်ပရောက် ဆူဒန် အသိုင်းအဝိုင်းရဲ့ ပက်တီးဘူဇွာ အစိတ်အပိုင်းတွေက အရပ်သား အစိုးရ အာဏာပြန်ရ လာအောင် ကုလသမဂ္ဂကို ငြိမ်းချမ်းရေး ထိန်းသိမ်းရေး တပ်ဖွဲ့တွေ စေလွှတ်ပေးဖို့ တောင်းဆိုနေကြတယ်။ ဒါဟာ သုံးစားမရတဲ့ အယူအဆပဲလို့ ကျနော်တို့ ပြောရမယ်။

ဟေတီ ဒါမှမဟုတ် ယုဂန္ဓာ ဒါမှမဟုတ် ‘ငြိမ်းချမ်းရေး’ နဲ့ ‘ဒီမိုကရေစီရေး’ အလံထူပြီး ယူအန် တပ်တွေ ဝင်ခဲ့တဲ့ တခြားဘယ်နေရာမဆို ကြည့်လိုက်ပါ။ အဲဒီမြင့်မြတ်သော စံနှုန်းတွေကို အရင်းရှင်နယ်ချဲ့စနစ်ရဲ့ တပ်ဖွဲ့တွေ ဘယ့် လောက် အောင်အောင်မြင်မြင် စောင့်ရှောက်ကာကွယ်ပေးခဲ့သလဲ တွေ့ရလိမ့်မယ်။

ဒါ့အပြင် ဆူဒန်နိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ် Volker Perthes က ကာလကာနောက်ကွယ်မှာ အာဏာ သိမ်း စစ်ခေါင်းဆောင် ဘူ(ရ်)ဟန်း တို့ ဟေးမက်တီတို့နဲ့ စေ့စပ်ညှိနှိုင်းနေတယ်၊ စစ်ဖက်-အရပ်ဖက် အာဏာခွဲဝေ ရေးကို ပြန်သွားဖို့ စေ့စပ်နေတယ်။ အရပ်သား အစိုးရတရပ် ပေါ်ထွန်းရေး တောင်းဆိုဖို့ ဝေးစွ၊ ယူအန်က ဒီသား သတ်သမားတွေကို အာဏာဆက်ပေးထားချင်တယ်။

အရင်းရှင်နယ်ချဲ့ နိုင်ငံကြီးတွေ ထိန်းချုပ်ထားသော အဖွဲ့အစည်းတခုဖြစ်တဲ့ ယူအန် ကြောက်တာ ဆူဒန် အာဏာ သိမ်း စစ်အစိုးရကို ပြည်သူတွေ တော်လှန်ဖြုတ်ချမှာကိုပါ။ ဒီလို တော်လှန်ဖြိုချလိုက်ရင် ဒေသတွင်းတခုလုံး ဒိုမီနို သက်ရောက်မှု ရှိသွားမယ်၊ ဒေသတွင်း တခြားနိုင်ငံတွေမှာလည်း လူထုကြီးက ဆူဒန်မှာလို အလားတူ အခြေ အနေတွေ ရင်ဆိုင်နေရတယ်။ စေ့စပ်ညှိနှိုင်းပြီး ပေးစားဖို့ ကြိုးစားတဲ့ သူတို့လုပ်ရပ်တွေဟာ လူထုကြီး မျက်စိထဲ သဲနဲ့ပက်လိုက်သလိုပဲ။ တော်လှန်ရေး အကျိုးစီးပွားနဲ့ တန်ပြန် တော်လှန်ရေး အကျိုးစီးပွားကို တနည်းနည်းနဲ့ ရင်ကြားစေ့ပေးနိုင်တယ်လို့ ထင်ယောင်ထင်းမှား ဖြစ်သွားစေတယ်။

ဒါပေမယ့် တော်လှန်သော လူထုရော စစ်တပ်ရောက ဒီလို ရင်ကြားစေ့ အစီအမံ လုပ်လို့ မဖြစ်မှန်း နားလည်နေ ကြပြီ။ ဘယ်ဘက်ကမှ တခြားတဘက် လက်ထဲ အာဏာရှိနေတာကို ဆက်သည်းမခံနိုင်တော့ဘူး။ တော်လှန်ရေး နဲ့ တန်ပြန် တော်လှန်ရေးကြားမှာ ရင်ကြားစေ့လို့ မရနိုင်ဘူး။ တဘက်ဘက်က အပြည့်အဝ အောင်နိုင်ရေးပဲ ရှိနိုင် တယ်။

စပိန် တော်လှန်ရေး အင်အားစုတွေ ဖရန်ကိုရဲ့ ဖက်ဆစ် တပ်တွေနဲ့ အပြင်းအထန် တိုက်ပွဲဖြစ်နေချိန် ထရော့စကီး က အခုလို သတိပေးစကား ပြောခဲ့တယ် -

“တော်လှန်ရေးတွေဟာ သမိုင်းကို မောင်းနှင်နေတဲ့ စက်ကြီးတွေဖြစ်တယ်။ နောက်ကျကျန်နေခဲ့သူမှန်သမျှ ဒီစက် ကြီးရဲ့ ဘီးတွေအောက် ရောက်သွားမယ်၊ အကျိုးဆက်ကတော့ (ဒီအကျိုးဆက်က အဓိက အန္တရာယ် ဖြစ်တယ်) စက်ကြီးကိုယ်တိုင် မကြာခဏဆိုသလို ဖျက်စီးခံရတယ်။”

“တော်လှန်ရေးရဲ့ ပြဿနာကို အဆုံးထိ စဉ်းစားတွေးတောဖို့ လိုတယ်၊ တော်လှန်ရေးရဲ့ နောက်ဆုံး အခိုင်အမာ နိဂုံးချုပ်ချက်တွေအထိ စဉ်းစားတွေးခေါ်ကြည့်ဖို့ လိုတယ်။ ပေါ်လစီကို တော်လှန်ရေးရဲ့ အခြေခံ နိယာမတွေနဲ့ ကိုက်ညီအောင် ထိန်းညှိဖို့ လိုအပ်တယ်၊ သဘောက ဆန့်ကျင်တိုက်ပွဲဝင်နေကြတဲ့ လူတန်းစားတွေရဲ့ လှုပ်ရှားမှုနဲ့ သဟဇာတဖြစ်အောင် ထိန်းညှိဖို့ လိုတယ်။ တော်လှန်ရေးကာလမှာ ခုခံတွန်းလှန်ရေး အနည်းဆုံး လိုင်းက အပျက် အစီး အဆုံးအရှုံး အများဆုံး လိုင်း ဖြစ်တယ်။”

ဆူဒန် တော်လှန်ရေးဟာ အင်မတန် ကြီးမားတဲ့ စွမ်းပကားနဲ့ ကြံ့ကြံ့ခံနိုင်စွမ်းကို ပြသခဲ့ပြီးပြီ။ ရဲစွမ်းသတ္တိရှိရုံနဲ့ အောင်နိုင်တယ်ဆိုရင် ဆူဒန် လူထုက ဆယ်ခါမက အောင်ပွဲခံနိုင်ပြီ။ ဆက်ပြီးလည်း အောင်ပွဲဆင်နိုင်သေးတယ်။

ဒါပေမယ့် တော်လှန်ရေးဆိုတာ လက်တွေ့ အရှိတရားတွေရဲ့ ကိစ္စ။ ဆူဒန် လူထုကသာ ရနိုင်သမျှ လက်နက်တွေ ဆွဲကိုင် တိုက်ပွဲမဝင်ဘဲ လက်ဗလာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ချီတက်နေဦးမယ်ဆိုရင် လက်မရွံ့လူသတ်နေတဲ့ တန်ပြန် တော်လှန်ရေးက ရက်ရက်စက်စက် သတ်ဖြတ် ချေမှုန်းသွားလိမ့်မယ်။

တန်ပြန် တော်လှန်ရေးကို ဆန့်ကျင်တိုက်ပွဲဝင်ဖို့ တခြားဘယ်သူ့ကိုမှ အားကိုးနေလို့ မရဘူး ဆူဒန်လူထုကိုယ်တိုင် တိုက်မှရမယ်။ နိုင်ငံတကာ အသိုင်းအဝိုင်းဆိုတာတွေရဲ့ မိကျောင်းမျက်ရည်တွေ၊ အနှစ်မပါ ဗလာချည် ထုတ်ပြန် ချက်တွေနဲ့ ယူအန်လို နယ်ချဲ့ နိုင်ငံကြီးတွေ လေပေါရာ ဌာနတွေက ဆူဒန်ကို အာဏာရှင်စနစ်အောက်ကနေ ကယ်တင်ပေးမှာ မဟုတ်ဘူး။ လူထုရဲ့ အမှီအခိုကင်း လွတ်လပ်သော လူတန်းစား တိုက်ပွဲကသာ အာဏာရှင်စနစ် ကို အမြစ်ဖြတ်နိုင်မယ်။

ဘာရှား စစ်အုပ်ချုပ်ရေး စနစ်ဟောင်းနဲ့ အပေးအယူလုပ်ဖို့ ကြိုးပမ်းချက်မှန်သမျှ ပြတ်ပြတ်သားသား ဆန့်ကျင်ဖို့ ပြင်ဆင်ထားရမယ်။ တန်ပြန် တော်လှန်ရေးသမားတွေကို လူထုကိုယ်တိုင် ချေမှုန်းပစ်ရမယ်။ သူတို့ရဲ့ ဓနဥစ္စာတွေ လူထုကိုယ်တိုင် ပြန်သိမ်းယူရမယ်၊ စစ်မှန်သော အလုပ်သမား ဒီမိုကရေစီစနစ်ပေါ် အခြေခံပြီး အလုပ်သမား လယ်သမား အစိုးရ ဦးဆောင်မှုနဲ့ ဆူဒန် နိုင်ငံကို ပြန်ထူထောင်ရမယ်။

တော်လှန်ရေးရဲ့ သိုမှီးထားသော အင်အားတွေဟာ ထုနဲ့ထည်နဲ့ ရှိနေပါတယ်။ ဒါပေမယ့် အဆုံးအစမဲ့ မဟုတ်ဘူး။ သုံးစားမရတဲ့ ရွှေပြည်အေးလမ်းလိုက်ပြီး ဒီအင်အားတွေကို ဖြုန်းတီးပစ်လို့ မဖြစ်ဘူး။ ရွှေပြည်အေးလမ်း ဆက် လျှောက်နေရင် ကျဆုံးသွားတဲ့ အာဇာနည်တွေကို စော်ကားရာရောက်တယ်။ ဘူ(ရ်)ဟန်း နဲ့ ဗိုလ်ချုပ်ကြီးတွေကို လူထုအပေါ် သူတို့ပြသခဲ့တဲ့ ကရုဏာမျိုးပဲ ထားရှိရမယ်။

လူထုကို လက်နက်တပ်ဆင်ကြ

စစ်အာဏာသိမ်းပွဲကို ချေမှုန်းကြ

ဆူဒန်တော်လှန်ရေး အောင်ရမယ်

ကိုတင်ဦး (ဘာသာပြန်သည်)

[မူရင်းဆောင်းပါးကို နိုဝင်ဘာ ၁၈ ရက်နေ့က Marxist.com မှာ ဖော်ပြခဲ့ပါတယ်။ အခု နိုဝင်ဘာ ၂၁ ရက်နေ့မှာ အာဏာသိမ်း စစ်ခေါင်းဆောင် ဘူ(ရ်)ဟန်းက သူဖြုတ်ချခဲ့တဲ့ အရပ်သား ဝန်ကြီးချုပ် Abdalla Hamdok ကို ပြန်တင်ပေးမယ်၊ နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ စီစဉ်နေတယ်လို့ ရိုက်တာ သတင်းအရ သိရပါတယ်။ လမ်းမထက်က လူထုတိုက်ပွဲတွေ ငြိမ်သက်သွားအောင် ဒီလို အပေးအယူ လုပ်လာတဲ့ သဘောဖြစ်ပါတယ်။]